လူကြုံ

အကြင်သူသည် မြန်မာပြည်သို့ လူကြုံပစ္စည်းထည့်အံ့၊ သို့တည်းမဟုတ် မြန်မာပြည်မှ လကြုံပစ္စည်းပါလာအံ့သော် အကြင်သူသည် ပစ္စည်းကြုံသယ်ပေးလာသော (ဝါ) ပစ္စည်းအကြုံ သယ်ပေးမည့် လူပုဂ္ဂိုလ်ထံသို့ မည်၍မည်မျှ ခရီးဝေးသော်ငြား သွားရောက်ပို့ဆောင်/ ယူငင်ရမည်သာဖြစ်သည်။ ဤသည်မှာကား မည်သူမျှ စည်းကမ်းသတ်မှတ်မထားသော နှစ်ဦးနှစ်ဖက် နားလည်မှုပင်ဖြစ်ပေသည်။

လူကြုံထည့်သည် ဆိုသည်မှာ အပြောလွယ်သလောက် အားနာဖို့ အင်မတန်ကောင်းသော အလုပ်ဖြစ်ပေသည်။ ဥပမာဆိုရလျှင် ဘဲအုပ်ကတစ်ရာ နှစ်ရာ မဗေဒါက တစ်ပင်တည်း ဆိုသလိုပါပင်။ အလည်ပြန်မည့်သူက ကီလို ၂၀ (သို့) ၃၀ သာရသည်၊ လူကပါးမည့်လူများက အတော်များပါသည်။ တစ်နှစ်က နှစ်နှစ် ပြန်ပါများသောအခါ အတွေ့အကြုံက သင်ပေးသွားသောကြောင့် တစ်ချို့များဆို အလည်ပြန်မည်ကိုပင် တိုးတိုးတိတ်တိတ်လုပ်တတ်လာကြသည်။ လကြုံတစ်ခါ သယ်ပေးရလျှင် အသွားအပြန် သယ်ပေးရသည်မှာ ဖော်မြူလာပင်ဖြစ်နေပေတော့သည်။

တစ်ဦးတည်း ပြန်သောသူများ ပို၍ပင် ဒုက္ခရောက်ကြသည်၊ ကိုယ့်အတွက်လဲသယ်ရသေး၊ လူကြုံအတွက်လဲ သယ်ပေးရသော အခါ လူကသယ်ပင်သယ်နိုင်ငြားသော်လည်း ကီလိုတွေပိုသောအခါ ကျသင့်ငွေကို ကိုယ်ကပင် ပေးရသည်သာ။ ထိုသို့မဟုတ်ပါက ဟန်းကယ်ရီခေါ် လူဖြင့်သယ်ရသော ပမာဏကို တနင့်တပိုး အပြံးမပျက် သယ်ရပေတော့သည်။တစ်ချို့ကတော့ ပစ္စည်းမည်၍မည်မျှလေးသလဲဆိုတာ အားမနာတမ်း မေးထားပြီးမှ ကိုယ်သယ်နိုင်လောက်သော ပမာဏကိုသာ သယ်ယူသွားပေးကြသလို၊ ကိုယ့်မသယ်နိုင်သော ပမာဏဖြစ်ပါက သယ်မပေးနိုင်ကြောင်း ပွင့််ပွင့်လင်းလင်းပြောကြသည်သာ၊ သို့သော် မိတ်တော့ ပျက်တတ်သည်ပေါ့။

တစ်ချို့များ ကုန်ကူးနေသလား အောင့်မေ့ရလောက်အောင် ပစ္စည်းများ ဂဒီးဂဒီးပို့ကြသည်။ ကိုယ့်မိတ်ဆွေ များနှင့်ပင်မကတော့ပဲ မိတ်ဆွေများကို အပူကပ်ကာ လူကရှာခိုင်းပြီး ပို့ကြသည်။ အရေးကြီးသော စာရွက်စာတမ်းများ ဆိုလျှင်တော်သေး၏၊ သို့သော်များသောအားဖြင့် ရန်ကုန်အဝင်တွင် ချွေးပြန်စေတတ်သော ပစ္စည်းများကို ကိုယ်ပြန်လျှင် သယ်ရပြုရမည်မျှခက်ခဲမည်ကို မသိတာလား၊ သိ၍သူများကို သယ်ခိုင်းချင်းလားမပြောတတ်ပေ၊ Laptop, Hand Phone များကစ၍ တစ်ခါသား ကြားဖူးသည်မှာ Singha အပ်ချုပ်စက်ကိုမှ လိုချင်၍ စင်ကာပူမှ သယ်လာပေးပါဟု မှာကြားသည်ဟူ၏။

ကျွန်တော်ကိုယ်တိုင်ပင်လျှင် အားနာရသော အဖြစ်အပျက်ရှိဖူးပေသည်။ ကျွန်တော့်အမျိုးသမီး၏ မိဘဆွေမျိုးများသည် နယ်တွင်နေကြသော သူများဖြစ်ကြ၍ ဘယ်သောအခါမှ သူတို့သမီး၊ ညီမကို အစားအသောက် လက်ဆောင်ဆိုတာကို ခွင့်ပြန်သော အချိန်မှလွဲ၍ တစ်ခါဘူးမျှ လူမကဖူးကြချေ။ တစ်ခါသားတွင်တော့ သိပ်ကိုရင်းနှီးရသော မိတ်ဆွေတစ်ယောက် ရန်ကုန်ပြန်သောအခါ တကူးတက လကြုံထည့်ပါရန် စကားခံလာတာရော အပြန်တွင်ပါ သယ်လာပေးနိုင်ပါကြောင်း ပြောကြားသောကြောင့် ကျွန်တော့်အမျိုးသမီးမှ သူ၏အမျိုးများထံ စားစရာအချို့ လှမ်းတောင်းဖူးလေသည်၊ နိုင်ငံခြားသို့ တစ်ခါမှ လကြုံမထည့်ဖူးသော သူ့အမျိုးများသည် အားနာစရာမလိုဟူသော စကားကို အပြည့်အဝ ယုံကြည်၍ စားစရာများ လူကြံုထည့်တာ မာမီးခေါက်ဆွဲထည့်သော စက္ကူဖာဖြင့် တစ်ဖါဖြစ်နေတော့သည်။ ထိုမိတ်ဆွေမှာ သူ၏ပစ္စည်းအချို့ထားခဲ့ပြီး ကျွန်တော်တို့ ပစ္စည်းကို ဂတိစကား မပျက်လို၍ သယ်လာပေးရပေတော့သည်။

များသောအားဖြင့် အလည်ပြန်မည့်သူများသည် ပြန်ခါနီး ပျော်နေသည့်အရှိန်ဖြင့်ရော၊ လူကြုံမျှော်ရသည့် အဖြစ်ကို ကိုယ်ချင်းစာခြင်းအားဖြင့် အိမ်ပြန်ခါနီးတွင် အေးရာအေးကြောင်း စကားများများ ပြောမနေပဲ ပေးသမျှယူသွားကြသည်သာဖြစ်သည်။ သို့သော် တစ်ချို့လူများ ကိုယ်ကလဲ လကြုံထည့်ချင်သေး၊ ပစ္စည်းကိုလဲ လာယူစေချင်သေး ဆိုတာမျိုးလဲ ရှိတတ်လေသည်။ အရှေ့ယွန်းယွန်းမှလူနှင့် အနောက်ယွန်းယွန်းတွင်နေသော သူတို့ကဲ့သို့ အလွန်ဝေးသော နေရာများတွင် နေကြသောသူများဖြစ်က တတ်နိုင်သမျှ စီးတီးဟော တစ်ဝိုက် ဆုံတွေ့ပြီး လက်ခံပေးသည်များ ရှိကြသော်လည်း တစ်ချို့များ အားမနာတမ်း မိမိအားမည့်အချိန်ကိုသာ  လကြုံသယ်ပေးမည့်သူ အားမအား နားမလည်ပဲ ချိန်းဆိုတတ်ကြသေးသည်။

တစ်လောလေးတွင်ကမှ ကျွန်တော့်မိဘများ အလည်လာကြသောအခါ ရန်ကုန်က မိတ်ဆွေတစ်ဦးမှ စင်ကာပူရှိ သူ့အမျိုးထံသို့ အရေးကြီးသည့် စာရွက်စာတမ်းပေးလိုပါသည်ဆို၍ သူတို့ စာတစ်စောင်သယ်လာပေးကြသည်။ ဒီရောက်တော့ ဆက်သွယ်ရန်ဖုံးနံပါတ်သို့ ဆက်သွယ်၍ စာတစ်စောင်ပါလာကြောင်း အသိပေးသောအခါ အနှီပုဂ္ဂိုလ်မှာ ဟော်ကာတွင်ဘီယာသောက်နေဟန် တူပါသည် သူသည် အောင်မိုခရိုတွင် နေထိုင်၍ ယနေ့အပြင်ထွက်ဖို့လမ်းကြုံခဲ့လျှင် သယ်လာခဲ့ဖို့ ပြောပါသည်။ အတော်ပင် ရှတတဖြစ်သွားရပါသည်။ သို့သော်လည်း ကောင်းကောင်းမွန်မွန်ပင် ဘယ်မျှသွားစရာမရှိပါ၍ သူအားသော အခါမှသာ အိမ်သို့လာယူပါရန် လိပ်စာနှင့်တကွပြောလိုက်ရပါသည်။

လူကြုံသယ်ပေးမည့်သူသည် အားမနာတတ်ဖို့ လိုပေသည်။ မိမိသယ်နိုင်မလောက် အလေးချိန်နှင့် မိမိအဝတ်သေတ္တာ ဆံ့မလောက်ကိုသာ လက်ခံဖို့ အသည်းမာဖို့လဲ လိုပေသည်။ တချို့များ မျက်နှာမပျက်လို၍ ပစ္စည်းလက်ခံထားပြီးမှ ပစ္စည်းများ နေရာချသောအခါ မဆံ့မပြဲဖြစ်လာ၍ ထားခဲ့တတ်တာရှိသေးသည်။ အိမ်တွင်ထားခဲ့လျှင် ပြန်ရနိုင်၍ တော်သေးသော်လည်း လေဆိပ်ရောက်မှ အလေးချိန်ပိုနေသောကြောင့် ပိုငွေလည်း မပေးချင်သော အခါ လေဆိပ်တွင် ပစ်ထားခဲ့ရသော် နှမြောစရာဖြစ်ပေသည်။ လိုက်ပို့သူရှိလျှင် ပြန်ပေးလို့ရသေးသော်လည်း လိုက်ပို့သူမရှိပါက အဆုံးပင်ဖြစ်တော့သည်။

လူကြုံထည့်ကြသော သူများတွင် တူညီသော အမြင်တစ်ခုရှိကြသည်၊ ဤသည်မှာ သူထည့်သော ပစ္စည်းမှာ နဲနဲလေးဖြစ်၍ သယ်မသွားပေးနိုင်စရာ မရှိဟူသော အမြင်ပင်၊ သို့သော် သယ်ပေးသွားရမည့်သူမှာ ကိုယ့်တစ်ယောက်ထဲ အသိမိတ်ဆွေရှိသည်မဟုတ်ပဲ သူ့တွင်လည်း ကိုယ့်လိုလူ ဘယ်နှစ်ယောက်ကို လက်ခံပေးနေရသည်လည်းဆိုတာကိုမူ မတွေးမိကြပေ။

မည်သို့ပင်ဆိုစေကာမူ ယခုရာသီသည်ကား လူကြုံရာသီပင်ဖြစ်ပေတော့သည်။ လူကြုံမှ မပေးလိုက်ရလျှင် ခေတ်မမှီသူမဖြစ်လိုက်ရလေအောင် မနက်ဖြန်တော့ စာအုပ်တစ်အုပ် လူကြုံထည့်ရပေဦးမည်။ အကြင်သူသည် မြန်မာပြည်သို့ လူကြုံပစ္စည်းထည့်အံ့ ပစ္စည်းအကြုံ သယ်ပေးမည့် ပုဂ္ဂိုလ်ထံသို့ မည်၍မည်မျှ ခရီးဝေးပင်ဝေးသော်ငြားလည်း သွားရောက်ပို့ဆောင်ပေးရမည်သာ ဖြစ်ပေသည်။

Tags :
2,723 views