နှစ်ချုပ်

စာမရေးဖြစ်တာဟာ ၂လတင်းတင်းပြည့်တော့မယ်။ အဲဒီလိုရက်ရှည် လရှည် စာမရေးဖြစ်ဖို့အစပျိုးလာတာက သြဂုတ်လလောက်ကထဲကဆိုတော့ ပြောရရင် စာမရေးဖြစ်တာ ၅လလောက်ရှိပြီိဆိုရင်လဲ မမှားဘူးပေါ့။ မိတ်ဆွေတွေကလဲ ဖေ့ဘွတ်မှာ လှုပ်ရှားမှုတွေကိုမြင်နေရတော့ ဘလော့မှာတော့ စာမရေးဘူး ဆိုတာမျိုးတွေ အပြစ်တင်ကြပါတယ်။ အကြောင်းတွေကတော့ အများကြီးရှိပါတယ်။ သို့သော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိစေဆိုပြီးတော့ ဘလော့ပေါ်မှာ တင်မရေးချင်တာတွေ ပါလာရာကနေ ဘာမှမရေးဖြစ်တော့တဲ့ အထိဖြစ်သွားတာပါဘဲ။ လူကလဲ ရှတတလေးတွေ ရေးရတာ လက်တွေ့လေတော့ ကိုယ့်ကြုံသမျှတွေကလဲ ရှတတမကတော့ဘဲ ဟက်တက်ကွဲတွေပါ ပါလာတော့ကာ ရေးရမှာလဲ မကောင်းသလိုတွေဖြစ်ပြီး စိတ်ထဲမှာဘဲ မြိုချထားတာတွေ များလာရာကနေ မထွေးနိုင်မအံနိုင် ဖြစ်လာပါတော့တယ်။

စာရေးတယ်ဆိုတာကလည်း အကြည်ဓါတ်လေးရှိဦးမှဆိုတော့ ကိုယ့်မှာကနောက်ကျိနေတာတွေ များလာတော့ ဘာမှမရေးချင်လောက်အောင် ဖြစ်သွားပါတယ်။ အရင်က ဘိန်းစွဲသလိုစွဲနေတဲ့ ခြံစိုက်တဲ့ ကိစ္စတောင် ဒီအတိုင်းပစ်ထားလိုက်တယ်၊ ဒါပေမယ့် ငါးမွေးကြည့်တယ်။ သူက ခြံစိုက်သလို အင်နဲ့အားနဲ့ လုပ်စရာမလိုတာလဲ ပါလိမ့်မယ်။ ဘဝမှာ အောင်မြင်မှု နည်းပါးတဲ့နှစ်တွေ စာရင်းပြုစုထားမယ်ဆိုရင် ၂၀၀၉ ကိုလဲ စာရင်းထဲ ထည့်ထားရမယ့် နှစ်ဖြစ်မယ်။ ဘုရားတရားလုပ်ဖြစ်ချိိန်နဲပါးလို့များလားလို့ အရင်နှစ်တွေနဲ့လဲ ချိန်ထိုးကြည့်နေမိပြန်တယ်။

၂၀၀၉ ဟာ ပြဿနာ အများဆုံးနှစ်များလားလို့ ထင်ရလောက်အောင် ဖိုရမ်ဖက်မှာ လူမှုရေးတွေ တော်တော်ရှင်းခဲ့ရတဲ့ နှစ်ဖြစ်နေတယ်။ တော်သေးတာက ပြင်ပကမ္ဘာမှာ မဟုတ်တဲ့အတွက် အပြင်က လူနေမှုပုံစံကို မထိခိုက်သွားဘူး။ ဒါပေမယ့် စိတ်တွေက နောက်ကျိလာတယ်။ ၂၀၀၉ ဟာ စံချိန်တင်ရလောက်အောင် အိမ်အပြောင်းရဆုံး နှစ်ဖြစ်လို့နေတယ်။ တစ်နှစ်အတွင်း အိမ်းသုံးလုံး ပြောင်းဖြစ်ခဲ့တယ်ဆိုရင် ယုံပါ့မလားဘဲ။ ပြောင်းခဲ့တဲ့ နေရာတိုင်းမှာလဲ ကိုယ်စိတ်တိုင်းကျ လူတွေနဲ့ မတွေ့ခဲ့လို့ ငါကံမကောင်းပါလားလို့ မတွေးနိုင်တော့ဘဲ ငါများ လူမှုရေးညံ့ဖျင်းနေပြီလားလို့ ကိုယ့်ဘာသာ မယုံမကြည်ဖြစ်ရတဲ့ နှစ်ဖြစ်နေတယ်။

၂၀၀၉ဟာ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ နောက်ဆုံးတော့ ငါးမရရေချိုးပြန်ခဲ့ရတဲ့ ကိန်းဖြစ်နေခဲ့တယ်။ အသက်ကို ပြန်ငယ်လို့ မရနိုင်တော့တာမို့ ဖြစ်ချင်တာတွေကိုဘဲ လျော့လိုက်ရတော့မယ့် ကိန်းများလားလို့ အလန့်တကြားတွေးနေမိတယ်။ ဒါတွေက အကြည်ဓါတ်တွေကို ခမ်းခြောက်လာစေခဲ့တာလို့ အကြောင်းပြရမှာလား ကိုယ့်လက်ရည်က ဒါဘဲလားလို့ လက်ခံရမှာလား တစ်ခုခုတော့ သေချာတယ်။ အတွင်းကအပူတွေကို ဖုံးဖိရင်း လူကကြိုးစားပျော်ကြည့်နေတော့ ဖေ့ဘွတ်မှာ ဘေးကလူတွေကတောင် ဒီလူကြီးတော်တော်ပေါတောတော နိုင်ပါလားလို့ အထင်မှားနိုင်တဲ့ နှစ်ဖြစ်မယ်။

ပြီးတော့ ၂၀၀၉ဟာ စံချိန်တင်ရလောက်အောင် ဆံပင်ဖြူတွေ အထွက်များတဲ့နှစ် ဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ဖေ့ဘွတ်မှာတော့ မိတ်ဆွေတိုးတဲ့နှစ်လို့ပြောရမယ်။ ဒါပေမယ့် စသုံးတာကလဲ ဒီနှစ်မှဆိုတော့ အစကောင်းတယ်ပြောရမလားဘဲ။ ကိုယ်ကသူများတွေလို မာဖီးယားမင်ဘာ များများလိုချင်လို့ လိုက်အက်တာ မဟုတ်လေတော့ ရှိတဲ့လူဟာ နှစ်ဦးနှစ်ဖက်သိပြီးခင်နေတဲ့လူ၊ ကိုယ့်ကိုခင်တဲ့လူနဲ့ ကိုယ်ကခင်ချင်တဲ့လူ ဒါမျိုးတွေဘဲရှိတယ်။

အကြည်ဓါတ်နဲနေလေတော့ တတ်နိုင်သမျှ စာတွေဘဲလိုက်ဖတ်နေတယ်။ ရန်ကုန်ကမှာပြီးဖတ်တယ်၊ ဒီမှာလဲ မိန်းမမသိအောင် ဝယ်ဖတ်တယ်။ အိမ်တစ်ခါပြောင်းရင် အဲဒီစာအုပ်တွေကြောင့် လိုက်ပြီးကူပြောင်းပေးတဲ့ မိတ်ဆွေတွေကို မျက်နှာနာရပေါင်းလဲများပြီ။ ဒီနှစ်တော့ ရန်ကုန်ကို ပြန်ပို့လိုက်တာ စာအုပ်ချည်းဘဲ ကီလို၂၀ ကျော်တယ်။ မကောင်းတာတစ်ခုက နည်းပညာနဲ့ပါတ်သက်တာကို သိတ်မဖတ်ဖြစ်ဘူး။ ထဲထဲဝင်ဝင်မဖတ်ဖြစ်ဘူး။ သတင်းလောက်နဲ့ဘဲ ရပ်ထားလိုက်ဖြစ်တယ်။ အလုပ်ကလဲ တစ်နှစ်ပြည့်ရင်ကိုဘဲ လူကခုန်ဆွခုန်ဆွဖြစ်နေပြီ။

ဒီနှစ်ဟာ စံချိန်တင်ရလောက်အောင် အလုပ်များလွန်းတဲ့ နှစ်ဖြစ်ခဲ့တယ်။ နောက်နှစ်မှာလဲ တန်းစီနေတယ်။ ခေတ်ပျက်ကြီးမှာ အလုပ်များတာ ကောင်းတာပေါ့လို့ မိတ်ဆွေတွေကပြောကြသော်လည်း ဒီအလုပ်များပုံကြီးက အထက်ကလူတွေ မန်နေ့ချမန့် မကောင်းလို့ ပြီးသင့်တာတွေ မပြီးနိုင်သေးတာလို့ မြင်နေရတော့ အဲဒါတွေကို စိတ်တိုင်းမကျနိုင်ဘူး။ အခုဘဲကြည့် သူများတွေ ခရစ်စမတ်မှာ ပျော်ပြီး ခရီးတွေ သွားလာနေကြတဲ့ အချိန်မှာ ကိုယ့်မှာ အိမ်ကိုခွင့်ပြန်မှာတောင်မှ အလုပ်ကတန်းလန်းဖြစ်နေသေးတယ်။ ဒါတောင် ခွင့်ဟာ တစ်လကြိုပြီးတင်ထားတာ။ ရုံးက လူကြီးတွေဟာ အမေခဏခဏပြောတဲ့ ချီးယိုခါနီးမှ ချီးတွင်းတူးကြတဲ့ လူတွေနဲ့တူတယ်။

ဒီပို့စ်ဟာ ဒီနှစ်အတွက် နှုတ်ဆက်ပို့စ်လဲ ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ရှေ့တစ်ပါတ်မှာ ရန်ကုန်ကို အလည်ပြန်ဦးမယ်ဆိုတော့ အင်တာနက် သုံးဖြစ်မယ် မထင်ဘူး။ ရှေ့နှစ်ထဲရောက်မှ ပြန်ရောက်မယ်။ ပုံမှန်လာလည်ကြတဲ့ မိတ်ဆွေများကို ကျေးဇူးအထူးတင်ပါကြောင်း ထပ်လောင်းပြောကြားလိုက်ချင်ပါတယ်။ ရှေ့နှစ်မှာ ဘလော့ကို ပြုပြင်မှုတွေလုပ်ဦးမယ်။ အထူးသဖြင့် ဝင်ရတာကြာတဲ့ လက်ရှိ ဟို့စတင်းကလဲ ဖေဖေါ်ဝါရီဆို သက်တန်းပြည့်တော့မှာ ဆိုတော့ ဟို့စတင်းအသစ်ပြောင်းတော့မယ်။

Tags :
15,332 views