ကျေးဇူးပါမေမေ

ကျွန်တော်ငယ်ငယ်က မှတ်မိသေးသည်၊ အဖေတို့အမေတို့ သာမန်ဝန်ထမ်းဘဝ ရသမျှလခလေး တော်တော်စစ်စစ်စီစီသုံးပါမှ လကုန်အထိ အကြွေးမရှိ စားနိုင်သောက်နိုင်သော အခြေအနေမှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်၏ မွေးနေ့ရောက်လာလျှင် ခေါက်ဆွဲလေးကြော်လို့ တစ်မျိုး၊ ငှက်ပျောသီးပျော့ပျော့ကို ဆီနဲ့ကြော်လို့ သကြားလေးဖြူးကာ ကော်ဖီနှင့်တွဲလို့တစ်ဖုံ၊ အိမ်နားနား သူငယ်ချင်းများကို ဖိတ်ခေါ်ကျွေးမွေးစေသည်။ မွေးနေ့လက်ဆောင်ကတော့ ဘာမှမရတတ်။ ဆော့နေကျ သူငယ်ချင်းတွေ အိမ်ကိုတစ်စုတစ်ပေါင်းတည်း လာစားကြတာကို ကြည့်ပြီး ပျော်ရတာကပင် လက်ဆောင်ရခြင်း မရခြင်းထက် ပိုပျော်ဖို့ကောင်းပါသည်။ တကယ်တော့ နယ်မှနေသော စက်ရုံတစ်ခု၏ စက်မှုရပ်ကွက်မှာနေကြသော ဝန်ထမ်းမိသားစုတွေ အနေဖြင့် လက်ဆောင်ပေးရလောက်အောင် မခမ်းနားကြတာလဲ ပါမည်ပင်။

မွေးနေ့များက ကျောင်းဖွင့်ရက်ကြုံနေပြန်တော့လဲ ကျောင်းသို့ထမင်းဗူးကြီးတစ်ဗူးနှင့် မုန့်တွေထည့်ပေးတတ်သေးသည်။ နဲနဲကြီးလာတော့ ကလေးတွေလို အိမ်ခေါ်ကျွေးတာတွေ လုပ်လို့မဖြစ်တော့၊ အဲဒီအခါမှာတော့ ပိုက်ဆံကလေးထုတ်ပေးကာ ဆိုင်တစ်ခုခုမှာ သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ်ထွက်စားစေတော့သည်။ အိမ်သားတစ်ယောက်ယောက်ရဲ့ မွေးနေ့ရောက်ပြီဆို အဖေက ညနေစာကို အထူးစီစဉ်တတ်သည်။ သူကိုယ်တိုင် ဆိုင်ဟင်းလျာများ ချက်ပြုတ်လို့ုဖြစ်စေ ၅ မိုင်လောက်ဝေးသည့် မြို့ကိုသွားကာ တရုတ်ဆိုင်မှ ဟင်းလျာများ ဝယ်လို့ဖြစ်စေ ညစာကို မိသားစု ပျော်ပျော်ပါးပါး စားကြသောက်ကြသည်။ ငယ်တုန်းကတော့ မွေးနေ့ဆိုလျှင် စားရသောက်ရတာဘဲ ရှိသည်။ အမေ့မွေးနေ့ဆိုလျှင်တော့ အဖေ့ဆီမှာ မွေးနေ့လက်ဆောင် ထမီတစ်ကွင်းတို့ အကျီင်္တစ်စ ဆိုတာတို့ တောင်းတာကြားရတတ်သည်။

ဆယ်တန်းအောင် ကျောင်းတွေတက်တော့ မွေးနေ့ဆိုတာက မိသားစု စုံစုံညီညီဆုံဖို့ခဲရင်းသွားသည်။ အချိန်ကိုက်အိမ်မှာရှိနေတာမျိုး မရှိတော့။ အဲဒီအချိန်တွေမှာ မိသားစုစုံညီစားကြတာထက် အချစ်နဲ့ တခြားသူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲတွေ ဖြတ်သမ်းခဲ့တာများသည်။ ဒီလိုနဲ့ အိမ်ထောင်တွေဘာတွေကျ၊ မိဘများနဲ့ နီးနီးနားနားပြန်နေဖြစ်တော့မှ မွေးနေ့တွေကို စုံစုံညီညီပြန်ကျင်းပခွင့်ကြံုရသည်။ အဲဒီအခါမျိုးမှာတော့ မွေးနေ့ရောက်လျှင် ကျွန်တော်တို့ လင်မယားနှစ်ယောက် ကန်တော့စရာ ပစ္စည်းတွေနဲ့ မွေးနေ့အထိမ်းအမှတ် မိဘများကို ကန်တော့ကြသည်။

မွေးနေ့မှာ အမေတို့ကို ကန်တော့ရတာလဲ ရင်ခုန်စရာကောင်းလှသည်။ အမေသည် သူမကြိုက်သည့် ပစ္စည်းဆိုလျှင် ဘယ်တော့မှ အားနာပါးနာ ကောင်းသည် မပြော၊ နင့်ဟာကြီးကလဲ ဘာကြီးလဲ ဟု အမြဲပြောတတ်သည်။ အဲဒီတော့ အမေဘာလိုချင်သလဲ ကန်တော့တဲ့အခါ ဘာထည့်ရမလဲ မေးပြန်လျှင်လဲ မကြိုက်တတ်၊ အဲဒီလိုကြီး လိုချင်တာကို ပြောမှ ကန်တော့ခံရတာ ဖီလင်မလာဟုလည်း ပြောတတ်သေးသည်။ အဲဒီတော့ ကျွန်တော်ရော ကျွန်တော့်အမျိုးသမီးရောက တစ်နှစ်ပါတ်လုံး ဒီအမေကြီး ဘာဆန္ဒရှိနေသည်၊ ဘယ်ထမီအဆင် အရောင် အမျိုးအစားမျိုးကို သူလိုချင်နေသည်၊ ဘယ်အစားအသောက်ကိုတော့ သူအာသီသရှိနေသည် ဆိုတာကို အမြဲလေ့လာထားရသည်။ အဲဒါမှ ကန်တော့သည့် ကိစ္စတွင် အဆင်ပြေကာ တစ်ပြံုးပြံုးဖြစ်နေတတ်သည်။ အဖေကတော့ ဘာလာလာကိစ္စ မရှိ အကုန်အဆင်ပြေသည်။ ဒါတောင်သူကလဲ မကြိုက်တတ်တာ ရှိသေးသည်။ သူကျတော့ တိုက်ရိုက်မပြော အမေမှတဆင့် သဘောထားခံယူချက်ကို ပြန်လည်နားထောင်ရသည်။ ထုံးစံအတိုင်း ညဖက်မှာတော့ ဆိုင်တစ်ခုခုမှာ သွားပြီးစားကြတာတော့ ပုံမှန်လုပ်ဖြစ်သည်။ ဆိုင်မှာစားတာကိုတော့ အဖေက ငယ်ငယ်ကထည်းက ပုံစံအတိုင်း သူကဘဲ အကုန်အကျခံကာလုပ်ပေးတတ်လေသည်။

မနှစ်ကတော့ မွေးနေ့မှာ အိမ်ပြန်ခွင့်ရလိုက်လို့ မိသားစု ဆုံလိုက်ရသေးသည်။ ဒီနှစ်တော့ ကိုယ့်ဘာသာဘဲ မွေးကျေးဇူးအောက့်မေ့ရင်း ကန်တော့လိုက်ရပါသည်။

Tags :
15,854 views