ကျွန်တော်နှင့် ကားမောင်းခြင်း

ခုတစ်လော ကားမောင်းချင်စိတ်တွေ ဖြစ်ပေါ်နေမိပြီးတော့ ကိုယ်ပိုင်ကားတစ်စီးလောက်လဲ ပိုင်ဆိုင်ချင်နေမိတယ်။ ဘာဝယ်ဝယ်အကြွေးနဲ့ ဝယ်လို့ရနေတာကို သိနေတော့လဲ လိုချင်မိတာပေါ့။ ခုရက်ပိုင်းမှာကလဲ တခြားရုံးတစ်ခုကို
နေ့တိုင်းနီးပါးလောက် အလုပ်သွားလုပ်ရတာရယ်၊ ထမင်းထွက်စားကြရင် လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ ကားတွေနဲ့ သွားကြတဲ့အခါမယ် ကျွန်တော်ကကိုယ်လုံးကိုယ်ထည်ကြီးတော့ နောက်ခန်းမှာ သုံးယောက်ထိုင်လို့ရအောင် ကိုယ့်ကို
အမြဲရှေ့ခန်းခေါ်ကြတော့ ကားမောင်းသူဘေးမှာ ထိုင်ရတဲ့အခါ သူကားမောင်းတာကို ကြည့်ကြည့်ပြီး ကားမောင်းချင်စိတ်တွေ ဖြစ်လာတာလဲပါမယ်။ သူတို့ကားမောင်းတာကိုကြည့်ရတာ အော်တိုဂီယာမို့ မောင်းရတာ သက်တောင့်သက်သာနဲ့ လွယ်လွယ်ကူကူရှိတာကို မြင်ရပြန်တော့ ကျွန်တော်ရန်ကုန်မှာနေတုန်းက ကားမောင်းသင်ပြီးစ အဖေ့ကားကိုမောင်းရင်း အဖေနဲ့တကြိတ်ကြိတ် ရန်ဖြစ်ကြတာကို သတိရမိသေးတော့တယ်။

ကျွန်တော်က ကားသာသေချာမမောင်းတတ်သေးတာ ကားမောင်းလိုင်စင်သက်တမ်းက ၁၀နှစ်လောက်ရှိနေပြီ။ ငယ်ငယ်ကနယ်မှာနေကြဆိုတော့ ၁၈နှစ်ပြည့်ပြီးတာနဲ့ ကညနရုံးမှာ ကားမောင်းလိုင်စင် သွားလုပ်ထားလိုက်တယ်။
ရန်ကုန်ပြောင်းကြတော့ နယ်ပြောင်းဆိုပြီးလုပ်လိုက်တော့ ဘာမှကားမောင်းပြနေစရာမလိုဘူး။ နောက်တော့ အဖေကားဝယ်ပြီးသည့်တိုင်အောင် ကျွန်တော်က ကားမမောင်းတတ်သေးဘူး။ အဖေမောင်းတာထိုင်စီးနဲ့ လုပ်နေတာ
၂နှစ်လောက်ကြာသွားတယ်။ အဖေကလဲ ကျွန်တော်ကားမောင်းတတ်သွားရင် ကားမောင်းဖြစ်မှာဆိုတော့ အန္တရယ်တွေ့မှာ စိုးရိမ်တာလဲ ပါတယ်၊ ဒါနဲ့သူကလဲ ကျွန်တော့်ကို ကားမောင်းသင်ဖို့ သိပ်ပြီးတွန်းအားမပေးဖူး။ နောက်တော့ အဖေ့ခမျာ သူချည်းမောင်းရရှာပါတယ်လေဆိုပြီး ကျွန်တော်ကအတင်းတောင်းဆိုတာနဲ့ ခွင့်ပြုလိုက်ပြီးသကာလ ကားမောင်းသင်တန်းကို နာမည်ကြီး သိမ်ဖြူကွင်းမှာ သွားသင်ပါတယ်။

ကားမောင်းမသင်ခင် ဆိုင်ကယ်အရင်စီးမိတာလဲ ပါမယ်ထင်တယ်။ ရန်ကုန်မှာတုန်းက ကျွန်တော့်အမျိုးသမီးက စည်ပင်ရုံးမှာ တာဝန်ခံအရာရှိပေါက်စပေါ့ဗျာ၊ အဲဂလိုဆိုတော့ သူတို့ရုံးကနေ ဆိုင်ကယ်တွေ ထုတ်ပေးတယ်ဗျ၊
ရပ်ကွက်ထဲ လျှောက်ပတ်ပြီး လုပ်ငန်းခွင်တွေ စစ်ဆေးဖို့ဆိုပါလား။ အဲဒီတုန်းကပေါ့ ကျွန်တော်ကွန်ပြူတာ ကုပ္မဏီမှာလုပ်လို့ရတဲ့လစာဟာ သူ့ဝင်ငွေရဲ့ အဖျားအနားလောက်ပဲရှိတယ်။ အဖေက အဲဒီဆိုင်ကယ်ကို ကျွန်တော်တက်တက်စီးမှာလဲ စိုးရိမ်သေးတယ်။ သူငယ်ငယ်က မန္တလေးမှာကြီးပြင်းခဲ့တော့ သူမျက်စိရှေ့မှာ ဆိုင်ကယ်နှစ်စီး အရှိန်မထိမ်းနိုင်လို့တိုက်ပြီး လူတွေသေကြတာမြင်မိထားတော့ ဆိုင်ကယ်ဟာ တစ်ခုခုဖြစ်ရင် အကာအကွယ်နဲတယ်ဆိုပြီး သူလဲမစီးရဲ ကျွန်တော့်ကိုလဲ စီးမှာစိုးရိမ်ပုံရပါတယ်။ သူရို့ခမျာ ချွေးမရှေ့ထားပြီး မင်းဆိုင်ကယ်မစီးနဲ့နော် မစီးနဲ့နော်ချည်းပဲ ပြောပြောနေရတော့ ကြာတော့ကျွန်တော့မိန်းမက ရှင့်ကြတော့ စိုးရိမ်လို့မစီးနဲ့ ကျုပ်ကြတော့ ဘာဖြစ်ဖြစ်စီးစေပေါ့လေ ဆိုပြီး တခါတခါ အငေါ်တူးပါတယ်။

သားလိမ္မာနေကျောက်ခဲကလဲ မိဘစကား နားထောင်ပါတယ်။ ညရောက်မှ လင်မယားနှစ်ယောက် ဆိုင်ကယ်နဲ့ လှည်းတမ်းသွား အအေးသောက်တယ်၊ ကြည့်မြင်တိုင်ညစျေးဖက်ရောက်တယ်၊ စမ်းချောင်းထဲ ဟိုသွားဒီသွား ဆိုင်ကယ်နဲ့ပါဘဲ။ စက်ဘီးစီးတတ်ပေမယ့် ဆိုင်ကယ်ကတော့ မိန်းမရမှ သူသင်ပေးလို့ စီးတတ်တာဗျ။ အစပိုင်းကတော့ သူ့နောက်ကထိုင်လိုက်တယ်ပေါ့၊ သို့သော် ညဖက်ဖြစ်သော်ငြားလည်း ကိုယ်ကယောကျာင်္းကြီးဖြစ်ပြီး သူ့နောက်ကထိုင်စီးရတာကို မျက်နှာပူတာရယ် သူများနောက်က ထိုင်စီးရတာကို ကြောက်တာရယ်နဲ့ အစီးတတ်အောင် သင်ရပါတယ်။ မခက်ပါဘူး တစ်ညပါဘဲ။ ကျွန်တော်တို့နှစ်ယောက် ကားပွဲစားတမ်းလုပ်တဲ့ လမ်းကြားမှာ ညဖက်သွားပြီး အမောင်းသင်ရပါတယ်။ စက်ဘီးစီးတတ်လို့ ဆိုင်ကယ်စီးသင်တာ မကြာလိုက်ပေမယ့် ကားတွေသွားနေတဲ့ လမ်းပေါ်မှာ တကယ်စီးရတဲ့အခါ ကြောက်စိတ်ဝင်မိပါတယ်။ တစ်ခါတစ်ခါလဲ မှားပြီးကိုယ်လုပ်ချင်တာလုပ်မိပြီးရင် နောက်ကိုလှည့်မကြည့်တော့ဘဲ စွတ်ရွတ်မောင်းသွားရတာမျိုးတွေ ခဏခဏပါဘဲ။

အဲဒီလိုနဲ့ ဆိုင်ကယ်စီးနေပြီမှန်း အိမ်ကသိသွားပြီးတဲ့ အခါမှာတော့ ကားမောင်းသင်စေဖို့ စိတ်ကူးလိုက်ကြပုံရပါတယ်။ ကားမောင်းသင်ရတော့ တကယ်ပျော်ဖို့ကောင်းပါတယ်၊ အမြဲစိတ်ကူးယဉ်နေခဲ့ရတာ မဟုတ်လား။ အခုလက်ရှိလုပ်နေတဲ့ အလုပ်နားမှာ ကားမောင်းသင်တဲ့ စခန်းတစ်ခုရှိတော့ နေ့တိုင်းအမောင်းသင်ကားတွေ တွေ့တွေ့နေရတော့ ရန်ကုန်မှာတုန်းက ကိုယ်ကားမောင်းသင်ခဲ့တာလေး ပြန်ပြန်သတိရမိပါသေးတယ်။ သင်တန်းဆိုတော့ ကိုယ်က စာတွေ့လက်တွေ့ အဲလိုလာမယ်ထင်တာ ဘယ်ဟုတ်လို့တုန်း စလာတာနဲ့ ကားပေါ်တက်ခိုင်းပြီး ဂီယာဘယ်လိုထိုးရတယ်၊ ကလပ်ရှ်၊ လီဗာ၊ ဘရိတ် ဘယ်လိုနင်းရတယ် စပြီးပြောပြတော့တာပါပဲ။ သူတို့ကလူတွေတန်းစီပြီး သင်နေရတာရယ် နေ့တိုင်းသင်နေရတော့ ပျင်းရိညည်းငွေ့ကြတယ်လားမသိ၊ စတာနဲ့ နှုတ်တိုက်ရွတ်သလိုကို သင်တော့တာဘဲ။ စက်မနှိုးခင် ကလတ်ရှ်နင်း ဂီယာဖြုတ်၊ စက်နှိုးပြီးရင် ကလတ်ရှ်နင်း ဂီယာထိုး လီဗာ ဖြေးဖြေးနင်း၊ ဘရိတ်မနင်းခင် လီဗာပေါ်က ခြေထောက်ရုတ် ကလတ်ရှ်နင်း ပြီးမှဘရိတ်နင်း၊ ကလတ်ရှ်နင်းရင် အဆုံးအထိနင်း လီဗာနဲဲ့ ဘရိတ်နင်းရင် ဖြေးဖြေးစနင်း စတာတွေကို ကြက်တူရွေး နှုတ်တိုက်သင်သလိုသင်ပြီး ပြန်ရွတ်ပြဆိုလို့ အယောင်ယောင် အမှားမှားနဲ့ ရွတ်ရသေးတယ်။

အဲဒီလို နှုတ်တိုက်ရွတ်တာလဲမှန်ရော ကဲကားစမောင်းမယ်ဆိုပြီး စမောင်းရတော့တာပါဘဲ။ ကားစမောင်းသူတို့ရဲ့ထုံးစံအတိုင်း ကလတ်ရှ်နဲ့လီဗာ အကြွအဖိကြားမှာ ချိန်သားမကိုက်လို့ ခဏခဏစက်ရပ်ရပ်သွားသေး။ ငေါက်တောက်ငေါက်တောက်နဲ့ ထွက်လိုလည်းထွက်ပေါ့။ ကားရွေ့ပြီးသွားပြီးဆိုရင်တော့ စိတ်ပေါ့ပါးသွားတာပါဘဲ။ ကျန်တာက လမ်းကြည့်ပြီး လက်ကိုင်လေး ဟိုလှည့်ဒီလှည့်နဲ့ ကွင်းကိုပတ်နေရတာဆိုတော့ မဆိုးသေးဘူးပေါ့။ အဲဒီလိုနဲ့ ကွင်းထဲတစ်ရက် အပြင်ထွက်တစ်ရက် Parking ထိုးလေ့ကျင့်တစ်ရက် နောက်ပိုင်းရက်တွေကိုတော့ အပြင်ချည်းဘဲ နေ့တိုင်းထွက်မောင်းရပြီးတော့ ရရက်အကြာမှာတော့ သင်ကားမောင်းတတ်ပြီဆိုပြီး သင်တန်းကနေ ပေးဆင်းလိုက်ပါတော့တယ်။ သင်တန်းဆင်းတော့ အဖေ့ကားတက်မောင်းရမယ်ထင်ပါသလား၊ ဝေးပါသေး၊ မြို့ထဲကားရှုတ်တာနဲ့ ညရောက်သွားတာနဲ့ စတာတွေနဲ့ ချက်ချင်းပေးမမောင်းသေးဘူး၊ ဒီမှာကလဲ ရွပိုးထိုးနေပြီမောင်းချင်နေတာ၊ မောင်းရပြန်တော့လဲ ကျင်းသားမကျသေးတဲ့ ကျွန်တော်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာတွေ အယူအဆမှားတာတွေကို အဖေက မျက်စိထဲမတွေ့တော့ ဆူပူအော်ဟစ်နေတာနဲ့ နောက်ဆို အဖေ့ကားမောင်းရမှာ ကြောက်လာတာနဲ့ မမောင်းဖြစ်တော့တာနဲ့ ဒုံရင်းပြန်ဖြစ်သွားပါတော့တယ်။ ကျွန်တော်များ ကားမောင်းပြီဆို အဖေရယ် အမေရယ် ကျွန်တော်ရယ် သုံးယောက်သား ကားထဲမှာ ဆူညံနေတော့တာပါဘဲ။ အမေကလဲအဖေ့ကို အမောင်းတတ်စတစ်ယောက်ကို မဖေးမပဲ ဆူပူရပါမလားဆိုပြီး နောက်ခန်းကပြန်အော်တယ်၊ ကျွန်တော်ကလဲ အာရုံများလာတော့ ပိုပြီးအယောင်ယောင်အမှားမှား ဖြစ်လာတယ်၊ ကျွန်တော်မှားလေ အဖေကလဲဆူလေဆိုတော့ မုန့်လုံးစက္ကူကပ်ဖြစ်ပြီး လက်ရည်က တက်ကိုမလာတော့ပါဘူး။ မောင်းရချိန်နဲတာလဲ ပါမယ်ထင်ပါတယ်။

အခုဒီနိုင်ငံက ကားတွေမြင်ရတာ တော်တော်သက်တောင့်သက်သာရှိလှပါတယ်။ အော်တိုဂီယာနဲ့ဆိုတော့ ကလပ်ရှ် အကြွအဖိ ချိန်သားကိုက်စရာလဲ မလိုဘူး၊ Parkingလုပ်ရင်လဲ အသံနဲ့သတိပေးနေတာဆိုတော့ တိုက်မိမှာလဲ စိုးရိမ်စရာမလိုဘူး၊ ရုံးကလူတွေကလဲ ကားကောင်းတွေ ဝယ်စီးကြတော့ မာစီဒီးလဲ စီးဖူးရဲ့၊ Lexus လဲစီးဖူးရဲ့၊ BMW အိုစုံလို့ပါဘဲ။ ရန်ကုန်မှာများ ကားအစုတ်ပဲ စီးနိုင်တယ်။ ခုနေအခွင့်အခါများ ရနိုင်သေးရင်တော့ မောင်းရလွယ်ကူတဲ့ ကားလေးတစ်ခေါက်လောက် မောင်းကြည့်ချင်သေးတယ်ဗျာ။

 

Tags :
25,351 views