အိမ်ခန်းငှားစားကြမလား (၃)

“ကျွန်မတို့လဲ အစကပွဲစားပြောတော့ မိန်းခလေးတွေချည်းဘဲ လက်ရှိနေနေကြတယ် တစ်ခန်းလွတ်သေးတယ် ဆိုတာနဲ့ မိန်းခလေးအချင်းချင်းဘဲ ဆိုပြီး နေလိုက်တာ၊ နောက်တော့မှ သူတို့က ရုံးပိတ်ရက်ဆို သူတို့သူငယ်ချင်းတွေနဲ့ အိမ်မှာစုပြီး မာဂျောင်းကစားကြတယ်၊ ဆေးလိပ်ဆိုတာလဲ သောက်လိုက်တာ မိုးမွှန်နေတာဘဲ။ ပြီးတော့ ဆူညံပွက်လောရိုက်နေကြတာဘဲ၊ အဲဒါနဲ့ မနေနိုင်လို့ သုံးလလောက်နေတော့ အိမ်ပြောင်းရတာပါဘဲ” လူမျိုးခြား မိန်းခလေးများနှင့်တွဲနေဖူးသော ကျောင်းသူတစ်ဦးမှ သူ့တို့အတွေ့အကြုံကို ပြောပြသွားပါတယ်။

“ကျွန်တော်ကတော့ အတွေ့အကြံုရအောင်ဆိုပြီး စင်ကာပူလူမျိုး တရုတ်အိမ်မှာ တစ်ခါနေကြည့်ဖူးပါတယ်။ အိမ်ကတော့ အကျယ်ကြီးဘဲခင်ဗျ။ တစ်အိမ်လုံးမှာ အိမ်ရှင်ရဲ့သားတစ်ယောက်ထဲနေတယ်။ ချက်ပြုတ်စားတာကလဲ လွတ်လွတ်လပ်လပ် ချက်လို့ရတယ်ဆိုတာနဲ့ နေကြည့်ပါတယ်။ စျေးကတော့ အတော်သက်သာပါတယ်။ common ခန်းမှာ ကျွန်တော်တို့ လင်မယားနှစ်ယောက်နေတယ်ပေါ့ဗျာ။ မာစတာခန်းမှာတော့ အိမ်ရှင်ရဲ့သားတစ်ယောက်ထဲနေတယ်။ ပြီးတော့ သူက ညဖက်အလုပ်ဆင်းရတဲ့လူဆိုတော့ ကျွန်တော်တို့နဲ့ သိပ်မဆုံဖြစ်ပါဘူး။ သူကညနေ ရ နာရီလောက်ဆို ရုံးသွားပြီးတော့ မနက်စောစောမှ ပြန်ရောက်တတ်တယ်။ အစပိုင်းတော့ တော်တော်အဆင်ပြေပါတယ်ဗျာ နောက်ပိုင်းကြတော့ ကျွန်တော့အမျိုးသမီးချက်ပြုတ်တာနဲ့ ကြံုသွားရင် သူက အနံ့မခံနိုင်သလိုလို မကြိုက်သလို အမူအရာတွေ ပြပြလာတယ်၊ နောက်ဆို သူ့အမေကို လှမ်းတိုင်တော့တာပါဘဲဗျာ။ သူ့အမေကတော့ တော်တော်ဆက်ဆံရေးကောင်းတဲ့ အဖွားကြီးပါဗျာ။ ကျွန်တော်တို့ကိုတောင် ပြန်ပြီးတောင်းပန်ပါသေးတယ်၊ သူ့သားဟာ အနံ့နဲ့ပါတ်သက်ရင် တော်တော်နူးညံ့ကြောင်း အန့ံသိပ်ပြင်းပြင်းကြီးတွေဆိုရင် မခံနိုင်ကြောင်း ရှင်းပြပါတယ်။ ကျွန်တော်တို့လဲဗျာ တစ်အိမ်ထဲနေကြတာ တစ်ယောက်လုပ်တာ တစ်ယောက်မကြိုက်တဲ့ အမူအရာတွေ ပြလာနေတော့ အဖွားကြီးက ဘယ်လောက်ကောင်းကောင်း အိမ်မှာနေရတာ မလွတ်လပ်တော့သလို ဖြစ်လာတာပေါ့။ ချက်ပြုတ်ပြီးရင် ပန်ကာတွေ ဖွင့်ထားရတယ်၊ လေသန့်ဆေးဗူးတွေ မှုတ်ထားရတယ်နဲ့ တော်တော် အနေကျပ်လာတယ်ဗျ။ ဒီလိုနဲ့ နောက်ဆုံး စိတ်ကျဉ်းကျပ်လာတဲ့အချိန် အိမ်ပြောင်းတော့မယ်လို့ စဉ်းစားနေတုန်း အိမ်ရှင်ကဘဲ အိမ်ပြောင်းပေးဖို့ တောင်းပန်စကားဆိုလာပြီး အိမ်ရှာခအေးဂျင့်ဖိုးပါ သူပေးပါမယ်လို့ ဆိုလာပါတယ်။ နောက်ဆုံးတော့ အေးဂျင့်ဖိုး အိမ်လခတစ်လစာကို သူကပေးတဲ့အပြင် အိမ်ပြောင်းတဲ့နေ့မှာပါ သူ့အိမ်ကကားနဲ့ လိုက်ပြောင်းပေးတော့တာပါဘဲဗျာ။” စင်ကာပူလူမျိုး တရုတ်တစ်ယောက်ရဲ့အိမ်မှာ နေခဲ့ဖူးသူ တစ်ယောက်မှလဲ သူရဲ့အတွ့အကြံုကို ယခုလိုပြောပြပေးသွားပါတယ်။ တချို့လဲ နှစ်တွေများလာတဲ့အထိ အဆင်ပြေပြေနဲ့ နေနိုင်ကြတဲ့ လူတွေလဲ ရှိကြပါတယ်။ မချက်မပြုတ်ဘဲ သူတို့လို ဆိုင်မှာစားနိုင်မယ်ဆိုရင်တော့ တရုတ်အိမ်ဟာ နေလို့အကောင်းဆုံးအိမ်ဖြစ်နိုင်ပါတယ်။

တရုတ်အိမ်တွေဟာ များသောအားဖြင့်တော့ အဖိုးကြီး အဖွားကြီးတွေချည်း နှစ်ယောက်ထဲ နေတဲ့အိမ် ဖြစ်တတ်တာ များပါတယ်။ တခါတရံ အိမ်ရှင်က ခရီးခဏခဏထွက်နေရတဲ့လူမျိုး ဖြစ်နေရင်တော့ နေရထိုင်ရတာ လွတ်လွတ်လပ်လပ်ရှိပါတယ်။ တချို့လဲ ကိုယ့်လိုဘဲ တစ်အိမ်လုံးငှားပြီးမှ လူငှားပြန်ရှာပြီး စရိတ်မျှခံချင်ကြတဲ့ တရုတ်ပြည်မကြီးက လာနေတဲ့ တရုတ်တွေ၊ မလေးကအလုပ်လာလုပ်တဲ့လူတွေ နဲ့လဲကြံုရတတ်ပါတယ်။

တခါတလေမှာ တရုတ်အိမ်ရယ်လို့ ရွေးချယ်ခွင့်မရဘဲ အလုပ်နဲ့နီးတဲ့အိမ်ဟာ အိန္ဒိယအိမ်ပိုင်ရှင်ဖြစ်နေရင်လဲ အဲဒီအိန္ဒိယအိမ်ပိုင်ရှင်နဲ့ နေဖြစ်သွားတဲ့အခြေအနေတွေ ရှိပါတယ်။ “ကျွန်မလေ မနှစ်ကပေါ့၊ စျေးလဲသက်သာ အလုပ်လဲသွားရတာ အဆင်ပြေ၊ တစ်ယောက်ထဲလဲ လွတ်လွတ်လပ်လပ်နေချင်တာနဲ့ အိန္ဒိယ သားအမိနှစ်ယောက်တည်းရှိတဲ့ အိမ်မှာ common ခန်းတစ်ခန်းငှားနေတာ၊ အစပိုင်း သုံးလေးလတော့ အဆင်ပြေပါတယ်၊ နောက်ပိုင်းကျတော့ သားလုပ်တဲ့လူက ကျွန်မရေချိုးခန်းသွားတာတို့ နောက်ဖေးမှာ ချက်ပြုတ်တာလုပ်နေတာတို့ဆိုရင် နောက်နားက ရစ်သီရစ်သီ လုပ်လုပ်နေတတ်တာရယ်၊ တစ်ခါတစ်လေ ညကြီးမင်းကြီးကျမှ အိပ်ခန်းတံခါးလာလာခေါက်ပြီး မုန့်လာကျွေးတာတို့ စကားလာပြောတာတို့ လုပ်လာတော့ ကျွန်မလဲ ကြောက်ပြီး ကိုယ့်ဗမာတွေ နေတဲ့အိမ်မျိုးဘဲ ပြန်ရှာပြီး နေရတာပါဘဲ၊ ကိုယ့်ဗမာအချင်းချင်းဆိုတော့လဲ လုံခြံုမှုတစ်မျိုးတော့ ရတာပေါ့ရှင် တခြားဂုဏ်တုဂုဏ်ပြိုင်လေးတွေကို သည်းခံနိုင်ရင်တော့ ကိုယ့်အချင်းချင်းနေရတာလဲ တစ်မျိုးကောင်းပါတယ်”

“ကျွန်မနဲ့ ကျွန်မယောကျာ်းက မြန်မာပြည်မှာတုန်းကတော့ တိရိစ္ဆာန်ဆေးကု ဆရာဝန်တွေပါ။ ကျွန်မက ဝါသနာအရ ဟိုမှာတုန်းကလဲ အိမ်ပွဲစားလုပ်တယ်လေ။ နောက်ဒီရောက်တော့ အစပိုင်းမှာတော့ ဟိုလုပ်ဒီလုပ်ပါဘဲ နောက်ပိုင်း PR ရတော့ ကိုယ့်သူငယ်ချင်းလေးတွေစုပြီး စီးတီးဟောမှာ ဆိုင်ခန်းတစ်ခန်းယူပြီး မြန်မာပြည်နဲ့ ဒီနဲ့ ပစ္စည်းအပို့အယူလုပ်တယ်၊ ကွန်တိန်နာတွေငှားတယ်၊ နောက်အခုလို အိမ်ခန်းငှားစားတဲ့ အလုပ်လဲ လုပ်တယ်ပေါ့ရှင်၊ ကိုက်တယ်လို့လဲ မဆိုသာပါဘူး အစ်ကိုရယ် တစ်လတစ်လ အိမ်ငှားတွေနဲ့ ပြောဆိုနေရတာနဲ့တင် စိတ်ပင်ပန်းပါတယ်။ ဒါပေမယ့်လဲ ကျွန်မကိုက ဝါသနာပါတယ်ရှင့်၊ သူတို့နဲ့ ပြောရဆိုရလွန်းလို့ ကျွန်မလဲ အပြောအဆိုကြမ်းလာသလား မသိပါဘူး။ ကျွန်မလား မနာတော့ပါဘူးရှင် သူတို့ပြောလဲ ဒီဘက်နားကဝင် ဟိုဘက်နားကထွက် လုပ်လိုက်ရတာပါဘဲ။”

“တချို့ကတော့ ဒီက ERAလို့ခေါ်တဲ့ အိမ်ဝယ်/ရောင်း/ငှား ကုပ္မဏီမှာ Marketing Executive အနေနဲ့ ဝင်လုပ်ကြတယ်ရှင့်။ သင်တန်းတွေဘာတွေ တက်ရသေးတယ်ထင်တယ်၊ ပြီးမှသူတို့ဆီမှာ ဝင်ရတာ။ ကျွန်မတို့ကတော့ ကိုယ့်ကုပ္မဏီလဲရှိတော့ အဲဒီနာမည်နဲ့ဘဲ အကုန်လုပ်ပါတယ်။ အလုပ်အကိုင်တွေက လူလိုရင်လဲ ကျွန်မတို့ မြန်မာပြည်ကနေ လူရှာတဲ့ အလုပ်လဲလုပ်သေးတယ်ရှင့်။”

“ကျွန်တော်တို့ကတော့ သူငယ်ချင်းတစ်သိုက် ဒီမှာကျောင်းတက်ကထည်းက အတူတူနေလာကြတာ၊ အလုပ်ရတော့လဲ အားလုံးရဲ့ အလုပ်တွေနဲ့ သွားလို့လာလို့ အဆင်ပြေမယ့် တစ်နေရာကို ရွေးပြီးနေလာကြတာ အခုဆို သုံးနှစ်လောက်တောင် ရှိရော့မယ်။ အားလုံးသူငယ်ချင်းတွေဆိုတော့ ဘာမှအခက်အခဲမရှိပါဘူး။ တစ်ရောက်နဲ့တစ်ယောက် မျှတစားသောက်နေထိုင်ကြတာဆိုတော့လေ။ သူများတွေဆီကတော့ ဒီလို အိမ်ရှင်အိမ်ငှား အခက်အခဲလေးတွေတော့ ကြားဖူးပါတယ်။ အဲဒါတွေကြားလေ သူများနဲ့ မနေချင်လေဖြစ်ပြီး အချင်းချင်းအဆင်ပြေအောင် နေကြတာပါဘဲ။”

တကယ်တော့ စင်ကာပူတွင်နေရသည်မှာ မိသားစုလိုက် တစ်အိမ်လုံးငှားနေကြသော သူများမှလွဲ၍ ယခုလို သူများနှင့် တွဲဖက်နေကြရသူများမှာ အနည်းနှင့်အများတော့ အဆင်မပြေမှုလေးတွေ ရှိကြသည်ပင်။ အဓိကကတော့ အချင်းချင်း စာနာစိတ်ကလေးမွေး၍ မနေနိုင်ကြလို့ဘဲ ဖြစ်ပါသည်။ သူလဲနိုင်ငံခြားထွက်နိုင် ငါလဲနိုင်ငံခြားလာနိုင်၊ သူလဲဒီအလုပ် ဒီလစာ၊ ငါလဲဒီအလုပ်မျိုး ဒီလစာလောက်ရနေတာဘဲဆိုကာ မာနလေးတွေခံနေကြ၍ ထင်သလောက် မစည်းလုံးကြဘဲ အဖုအကြိတ်ကလေးတွေ ရှိနေကြခြင်းဖြစ်ပါသည်။ အိမ်ရှင်အိမ်ငှားအလွှာဆိုတာလဲ တကယ်တော့ မရှိသင့်တော့ဘဲ စရိတ်အတူမျှခံကာနေကြသော အိမ်သူအိမ်သားများအနေဖြင့်နေမှသာ ရေရှည်စိတ်ချမ်းသာမှု ရနိုင်မှာဖြစ်ကြောင်း စင်ကာပူအိမ်ငှား စျေးကွက်အကြောင်း တစေ့တစောင်း တင်ပြလိုက်ရပါတယ်။

အပိုင်း(၁)၊ အပိုင်း (၂)

Tags : ,
22,954 views