ဘောင်းဘီကျွတ်၍ လွှတ်လိုက်သည်

လွန်ခဲ့တဲ့ တစ်ပါတ်လောက်က စင်ကာပူဓါတ်ခွဲခန်းတစ်ခုက ရုံးမှာလာပြီး ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ ဝန်ထမ်းတွေကို ကျမ်းမာရေးအတွက် ဆီး၊သွေး၊ ကိုယ်အလေးချိန် စတာတွေကို အလကား လာစစ်ပေးပါတယ်။ Basic Package ဆိုရင် ဆီးချို သွေးချို သွေးတိုးရှိမရှိဆိုတာတွေ စစ်လို့ရနေပါပြီ။ Basic Package ကအလကားဆိုတော့ ကျွန်တော်လဲ အလကားရတာဘဲ စစ်လိုက်ပါတယ်။

စာရင်းချုပ်လိုက်တော့ တစ်ခုမှ မကောင်းတော့ပါဘူး။ သွေးထဲမှာ ကိုလက်စထရောလ် ရှိတယ်၊ သွေးချိုအရိပ်အရောင်ပြနေတယ်၊ ကိုယ်အလေးချိန်က အဝလွန်ထဲရောက်နေတယ်၊ သွေးတိုးနိုင်တယ်၊ လေဖြတ်နိုင်တယ်နဲ့ အားမနာ လျှာမကြိုး သတိပေးချက်ကြီးထွက်လာတယ်။ လူကတော့ နေနေကြမို့လားမသိ ပေါ့ပါးနေတာဘဲ။ နေ့တိုင်း သံပုရာရည်ရေနွေးစိမ် သောက်နေလို့လားတော့မသိ၊ ဘာမှမခံစားရဘူး။ သူပြောမှဘဲ စိတ်ထဲဝေဒနာဖြစ်သွားတော့တယ်။ လေ့ကျင့်ခန်းများများလုပ်ဖို့ စားသောက်နေထိုင်မှု ပုံစံကို ပြုပြင်ဖို့ စတဲ့အကြံပေးချက်တွေ တလှေကြီးနဲ့ ထွက်လာတော့ တာပါဘဲ။

စဉ်းစားကြည့်တော့လဲ ဟုတ်တာဘဲ။ တစ်နေ့ကို ၉နာရီလောက် ရုံးမှာထိုင်ရတယ်၊ အိမ်ရောက်တော့လဲ ဆက်ထိုင်တယ််၊ ညဖက် ၁၂နာရီထိုးမှ မနဲထိုးအိပ်ရတယ်၊ လှုပ်ရှားမှုဆိုတာ လက်ဆယ်ခြောင်းဘဲ ရှိသလိုဖြစ်နေတယ်။ ဒါနဲ့လေ့ကျင့်ခန်းလုပ်မှဖြစ်မယ်၊ ဘလော့လေးဘာလေး လျှော့မှဖြစ်မယ်ဆိုပြီး ဘော်ဒါတွေနဲ့ပြောဖြစ်တော့ သူတို့ကအားပေးကြတယ်၊ မချိုသင်းလို ကပါလားတဲ့၊ အာခီဒိုကစားပါလား၊ တိုက်အပေါ်တက်အောက်ဆင်း နေ့တိုင်းလုပ်ပါလား စတဲ့ အကြံပေးချက်မျိုးစုံ ရပြီးသကာလ တစ်ယောက်သောသူက လေ့ကျင့်ခန်းမလုပ်ခင် ကိုပေါရေးထားတဲ့ ပို့စ်တစ်ခု လိုဖြစ်နေဦးမယ်လို့လဲ သတိပေးလား ပေးရဲ့။

ကျွန်တော်ကလဲ ဟုတ်တယ်၊ စင်ကာပူကိုလာတုန်းက ခါးဆိုဒ် ၃၈နဲ့လာတာ။ ခုဆိုရင် ၄၂ဖြစ်နေပြီ။ အရပ်ကလေး ရှည်နေလို့သာ တော်သေးတယ်၊ မဟုတ်လို့ကတော့ ဆေးဘဲဥလိုဖြစ်နေမှာ။ ဒီနေ့တော့ ဒုက္ခရောက်စရာ တစ်ခုကြုံရပါတယ်။ အလှည့်ကျဝတ်တဲ့ အတွင်းခံဘောင်းဘီပေါ့ဗျာ ကနေ့အလှည့်ကျတဲ့ကောင်က တော်တော်လေး ဆားဗစ်ရင့်နေပြီ။ ရင့်ဆို ဒီလာကထဲက အတူပါလာတာဆိုတော့ သုံးနှစ်ရှိရောပေါ့။ ဘောင်းဘီများ ဒီမှာရှာရခက်လွန်းလို့ ရန်ကုန်တရုတ်တန်းက အမြဲလှမ်းလှမ်းမှာထားရတယ်၊ အသစ်ရှိလဲ အဟောင်းလေးဘဲ တလည်လည်ဆိုသလို အဲဒီအဟောင်းတစ်ထည်ကို ဘယ်လိုဝတ်ကောင်းမှန်းမသိ ဝတ်နေမိပါတယ်။

သူကသက်တန်းရင့်လာပြီဆိုတော့ ဆွေးမြေ့လာပြီပေါ့၊ သုံးနှစ်လုံး ၃၈ဘဝကနေ ၄၂ဘဝအထိ အတူတူမခွဲဘဲ တာဝန်ထမ်းဆောင် လာတာဆိုတော့ သူ့ရဲ့ မျှော့ကြိုးဆိုတာကလဲ တော်တော်လျှော့ရဲနေပြီပေါ့။ ဒီဘောင်းဘီဝတ်တဲ့နေ့ဆို အမြဲသတိထားရပါတယ်၊ သို့ပေမယ့် အမြဲထိုင်နေရတာဆိုတော့ ထူးပြီးစိတ်ထဲထည့်နေစရာမလိုပါဘူး။ သို့သော် ဒီနေ့တော့ တနလာင်္နေ့မှာ ရုံးက ကျွန်တော်တို့လုပ်နေတဲ့ စနစ်တစ်ခုကို Presentation ပြဖို့ရှိတာနဲ့ Data Centre ကိုသွားပြီး စနစ်ကို မွန်းမံစရာရှိတာ မွန်းမံ၊ အသစ်ထပ်လုပ်ထားတာလေးတွေ သွားပေါင်းထည့်ဖို့့ရာ ကျွန်တော် တာဝန်ကျလာပါတယ်။ အဲဒါနဲ့ နေ့လည်က Data Centre ရောက်နေခဲ့တယ်။ Data Centre ဆိုတာကလဲ အအေးခန်းထဲ ရောက်နေသလိုထင်ရလောက်အောင် အေးခဲနေတဲ့ နေရာမှာ ထိုင်စရာကလဲ မရှိနဲ့ မိုးတိုးမတ်တတ် တနေ့လည်ခင်းလုံး အလုပ်မှာ လုံးပန်းနေလိုက်တာ၊ ကိစ္စတွေ ပြီးလို့ အပြန်မှာတော့ လမ်းလျှောက်ရတာ ဖီလင်တစ်မျိုးဖြစ်နေတယ်ဗျ။

အရင်က ခါးနေရာမှာ တင်းတင်းရင်းရင်းဖြစ်နေရမယ့် ကိစ္စဟာ တင်ပါးနေရာကို ရောက်နေသလို၊ တင်ပါးနေရာမှာ အပိုတစ်ခုတင်နေသလို ခံစားနေရတယ်။ အဲဒါနဲ့ သေသေချာချာ စေ့ငုကြည့်တော့ ဟိုက်…ရှာလပါတ်ရည် ကျွန်တော့်ဘောင်းဘီမျှော့ကြိုးဟာ အနိစ္စသဘောနဲ့ ကိစ္စချောပြီးတော့ အရာရာကို လက်မြှောက် အလျှော့ပေးသွားပုံရပါတယ်။ တော်သေးတာက ဒီနေ့ သောကြာဆိုတော့ ပုံမှန်အတိုင်း စတိုင်ဘောင်းဘီမဝတ်ဘဲ ဂျင်းဘောင်းဘီဝတ်လာလို့သာ၊ မဟုတ်ရင် တော်တော်ဒုက္ခရောက်မယ့်ပုံပါဘဲ။

ဒုက္ခရောက်နေတဲ့ ကြားထဲက ကိုပေါရေးတဲ့ ပို့စ်ကို သတိရသွားပြီး မဒမ့်ဆီကို ဖုန်းလှမ်းဆက်လိုက်ပါသေးတယ်။ ငါတော့ ကိုပေါရေးထားသလို တကယ်ကျွတ်ပြီဟေ့လို့ ဟာသလှမ်းလုပ်လိုက်သေးလို့ ဟိုကတခွီးခွီးနဲ့ ရီနေပါသေးတယ်။ ဟိုကပိန်သွားလို့ ဘောင်းဘီတွေ ချောင်ကုန်တာကို အလကာင်္ဖွဲ့ရေးလိုက်တာပါ၊ ကျွန်တော်ကတော့ အဝလွန်ပြီး ဘောင်းဘီမျှော့ကြိုးက လက်မြှောက်ပြီး ကျွတ်သွားတာပါခင်ဗျ။

အိမ်ရောက်လို့ အကျီင်္ဘောင်းဘီလဲတဲ့ အခါမှာတော့ အတွင်းကဘောင်းဘီဟာ သူ့နေရာမှာ သူရှိမနေဘဲ ဇောက်ထိုးဖြစ်နေပါတော့တယ်။ လေ့ကျင့်ခန်းလုပ်မှ ဖြစ်ပါတော့မယ်ဆိုတဲ့ အကြောင်း မိတ်ဆွေများကို အကြောင်းကြားအပ်ပါတယ်။ ကျမ်းမာကြပါစေ၊ ရုံးအိမ်သာထဲမှာ ဝမ်းသာအားရ ထိုင်ပြီးမှ စက္ကူလိပ်ကုန်နေတာကို မြင်ရတဲ့ အဖြစ်မျိုးမှ ကင်းဝေးကြပါစေ။

Tags :
19,088 views