Bukit Timah တောင်သို့ တစ်ခေါက်

အခုတစ်လော ကျမ်းမာရေးအတွက် ဆေးတစ်ခွက်ဆိုကာ လူလဲညီသဖြင့် စနေနေ့များမှာ လမ်းတွေလျှောက်လိုက် တောင်တွေတက်လိုက် လုပ်နေတာမှာ ပြီးခဲ့တဲ့စနေနေ့ကတော့ Bukit Timah တောင်ကိုရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်း အနီးဆုံးတစ်နေရာမှာ ဆုံကြပြီးတော့ နေမပူခင်ရောက်သွားအောင်လို့ ကားငှားကာ တောင်ခြေအရောက် သွားခဲ့ကြတယ်။

တောင်ခြေရောက်တော့ တောင်ခြေမှာ စခန်းလေးတစ်ခုရှိတယ်။ အဲဒီမှာ ရေချိုး အဝတ်အစားလဲ၊ ရေသောက်၊ အကုန်လုပ်လို့ရတယ်။ အပေါ်ကပုံကတော့ စခန်းကနေထွက်ရင် စတက်ရမည့် တောင်တက်လမ်းပါ။ လမ်းရိုးအတိုင်းသွားမယ်ဆိုရင်တော့ ဒီလိုလမ်းကောင်း လမ်းဖြောင့်ကြီးပေါ့။ ဒါပေမယ့် တောလမ်းတွေကိုမှ လျှောက်ချင်တယ်ဆိုရင်တော့ ကျိုက်ထီးရိုး တောလမ်းတွေလိုဘဲ ကြမ်းတမ်းမတ်စောက်တဲ့ လှေခါးထစ်တွေနဲ့ တက်ရတဲ့ တောလမ်းမျိုးလဲရှိပါတယ်။ ကျွန်တော်တို့ တောလမ်းကိုရွေးခဲ့ကြပါတယ်။

Summit ဆိုတာ လမ်းဆုံးမှာရှိတဲ့ စခန်းလေးတစ်ခုပါ။ ကျွန်တော်တို့ အခုအဲဒီနေရာကို သွားတော့မှာပါ။ လမ်းကတော့ တောလမ်းပါ။ သို့သော် မြေလမ်းတစ်ပြေးညီလမ်းမဟုတ်ပါဘူး။ ကျောက်လှေခါးထစ်တွေ (တစ်ထစ်တစ်ထစ်ကို လူကြီးလက်တစ်တောင်လောက်မြင့်ပါတယ်) နဲ့ ဖေါက်ထားတဲ့ လမ်းတွေပါ။ အတက်အဆင်းတွေနဲ့မို့ ဒူးတွေအတော် အလုပ်ပေးလိုက်ရတဲ့နေ့ပါဘဲ။ ကားသမားတွေပြောပြောနေတဲ့ ဒူးဆစ်မကောင်းတော့ဘူး ဆိုတာကို နားထဲပြန်ကြားရောင်နေမိတယ်။

အဲဒီနေ့က ရာသီဥတုက မိုးလေးအုံနေပါတယ်။ တောထဲတောင်ထဲရောက်နေတာရယ် မိုးအုံ့နေတာရယ်နဲ့ဆိုတော့ တောဟာတကယ့်ကို မဲမှောင်နေတယ်လို့ ထင်ရလောက်အောင် မှောင်ပါတယ်။

ဒီလိုနွယ်ခွေ အကြီးကြီးတွေ ခဏခဏတွေ့ခဲ့ပါတယ်။ တောထဲတောင်ထဲမှာ မှောင်မဲနေတော့ ကျွန်တော့်လို လက်သင်ကင်မရာသမားဟာ အလင်းအမှောင် ချိန်လို့မရနိုင်ဘဲ စိတ်တိုင်းကျမရနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ရှေ့ဆက်လျှောက်။

ဒီလိုလှေခါးမျိုး သုံးကြိမ်လောက် တက်ပြီးသွားတဲ့ အခါမှာတော့ ကျွန်တော်ဘယ်လိုမှ ကင်မရာကို လွယ်မထားနိုင်တော့ပါဘူး။ ချွေးတွေက တအားထွက်နေတဲ့အပြင် ရိုက်သမျှပုံတွေကလဲ မောနေတဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ကိုငြိမ်အောင် မထားနိုင်တော့ဘဲ ပုံတွေကောင်းကောင်း ရိုက်လို့မရတော့ပါဘူး။ ဒါနဲ့ဘဲ စိတ်လျှော့ကာ ကျောပိုးအိပ်ထဲ ကင်မရာကို သိမ်းလိုက်ရပါတော့တယ်။ စက်ဘီးကြာကြာစီးလို့မရမှန်း ပူလာအူဘင် သွားပြီးကထဲက သိသွားခဲ့ပါတယ်။ ဒီနေ့တော့ ကျွန်တော်ဟာ ခြေလျင်တောင်တက်အသင်း ဝင်လို့မဖြစ်နိုင်တော့ဘူး ဆိုတာကိုပါ လက်ခံလိုက်ရပါတော့တယ်။

တောလမ်းတစ်လျှောက် ဒီလိုသစ်ပင် အမြင့်ကြီးတွေ ခဏခဏတွေ့တယ်။ သိပ်လှတာဘဲ။ လမ်းတစ်ဝက်လောက်ကနေ စပြီးတော့ကင်မရာထုပ် မရိုက်နိုင်တော့တဲ့အတွက် အတူသွားသူတစ်ယောက်ရဲ့ အလွယ်ရိုက် ကင်မရာလေးကိုဘဲ အားကိုးပြီး သူ့ပုံများကိုသာ ရယူလိုက်ဖို့ စိတ်လျှော့ထားလိုက် ရပါတယ်။ သစ်ပင်ကို မော့ကြည့်ရတာ အရသာတစ်မျိုးတွေ့လို့ ဘယ်လိုခံစားရလဲ ဆိုတာ ကြည့်ကြပါဦး။

Bukit Timah တောင်ကုန်းဆိုတာ ဂျပန်ခေတ်က စစ်ရေးအရ အရေးပါခဲ့တဲ့ နေရာတစ်ခုလို့ ဆိုပါတယ်။ ဒါကြောင့် ဂျပန်တွေဟာ ဒီတောင်ပေါ်မှာဘဲ စခန်းချပြီးနေထိုင်သွားကြပုံရပါတယ်။

ဂျပန်တွေရဲ့ စခန်းဟောင်းတစ်ခုလို့ ယူဆလို့ရတဲ့ ဂူတစ်လုံးရဲ့ အဝပါ။ အတွဲတွေရန်ကအေးအောင်လို့ တံခါးပိတ်ထားပုံရပါတယ်။ (:D)

အညွှန့်တလူလူတက်နေတာတွေ့ရင် ဘယ်လိုမှမနေနိုင်တာ ကျွန်တော်ပါ။ အမိအရသွားရိုက်ခဲ့ပါသေးတယ်။ နွယ်မဟုတ်တဲ့အတွက် တစ်ပင်ထည်း ရင်ထဲကညွန့် ဆိုပြီးတော့ ခေါင်းစဉ်တတ်ရမလား။

တကယ်မှာဆို ဒီထက်ပုံအများကြီး တွေ့ရမှာပါ။ နောက်ပိုင်း အားလုံးမောလာတဲ့အခါမှာတော့ ကင်မရာအသေးသယ်လာတဲ့လူတောင် မရိုက်နိုင်တော့ပါဘူး။ တောင်ရဲ့ အမြင့်ဆုံးနေရာဖြစ်တဲ့ မိုက်ခရိုဝေ့တာဝါတိုင်ကိုသာ အရောက်သွားကြဖို့ဘဲ အားသန်နေကြပြီး ဓါတ်ပုံရိုက်ကြဖို့ စိတ်ကူးမရကြတော့ပါဘူး။

နောက်ဆုံးမှာတော့ မျှော်လင့်ချက်ပန်းတိုင်ကို ရောက်လာပါတော့တယ်။ ဒါဟာအမြင့်ဆုံးဆိုတဲ့ တာဝါတိုင်ရှိတဲ့နေရာ မဟုတ်သေးပါဘူး။ ရှေ့နဲနဲဆက်လျှောက်မှ ရောက်ပါတယ်။

Lens ပြောင်းတတ်ဖို့ အားမရှိတော့လို့ တပ်ထားလက်စဟာနဲ့ဘဲ ရိုက်လိုက်ရတဲ့အတွက် တစ်တိုင်လုံးမပါခဲ့ပါဘူး။ သို့သော် ရောက်ကြောင်း သက်သေလေးတော့ ပြလို့ရသေးတာပေါ့လေ။

ပြန်ဆင်းတော့ တောင်အောက်နားနေစခန်းနားက သစ်ပင်နီနီကြီးကို သဘောကျလို့ ရိုက်လာခဲ့တာပါ။ အပြန်ကျတော့ အမောသက်သာသား။ သက်သာဆို တောလမ်းက မပြန်တော့ဘဲ လမ်းရိုးကပြန်လာတာကိုး။ လမ်းရိုးကတော့ ကတ္တရာလမ်းဖြစ်တဲ့အတွက် လျှောက်ရတာ သက်တောင့်သက်သာရှိလှပါတယ်။

အပြန်ကြတော့ လမ်းမဘက်နေ ပြန်ပြီးရိုက်ထားတာပါ။ ခုနကရောက်ခဲ့တဲ့ တောင်ထိပ်ပါ။ အပြင်ကလှမ်းကြည့်တော့ ဘယ်လိုမှ မှောင်မဲနေတဲ့ တောကြီးရှိတယ်လို့ အထင်ကြီးစရာမရှိတဲ့ တောပါ။ ကိုယ်တိုင်ရောက်ခဲ့မှဘဲ ဘယ်လောက် ပင်ပင်ပန်းပန်းတက်ခဲ့ရတယ်ဆိုတာ သိပါတော့တယ်။

တောင်တက်ဝါသနာပါသူတွေလဲ ကျောပိုးအိပ်အလေးကြီးတွေလွယ်လို့ လမ်းလျှောက်တုတ်ကလေးတွေ ဆောင်လို့နဲ့  တောင်တက် လေ့ကျင့်နေကြတဲ့လူတွေ တော်တော်များများ တွေ့ရပါတယ်။ မြို့ပြဘဝမှာ ညောင်းညာနေကြမယ်ဆိုရင်တော့ ကျိုက်ထီးရိုးအလွမ်းပြေ (ကိုတောင်ငူကို သတိရထှာ) တောင်တက်လို့ရပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

Tags : ,
15,076 views