သုံးနှစ်တာ

တနေ့ကဆိုလျှင် စင်ကာပူရောက်တာ သုံးနှစ်ပြည့်သွားပြီဖြစ်သည်။ ဘာရယ်မဟုတ် အဟောင်းလေးတွေ ပြန်ပြောင်းစဉ်းစားရင်း အမှတ်တရ ရေးထားလိုက်ချင်တာနဲ့ ရေးနေတာ စိတ်မရွှင်တာနဲ့ အပြီးမသတ်နိုင်ဘူးဖြစ်သွားတယ်။ ခုတော့လဲ အားလုံးဟာ နေသားတစ်ကျဖြစ်လို့နေပါလား။

လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပေါ့ ထုံးစံအတိုင်း အိုင်စီတီပတ်ခ်ထဲက ဘော်ဒါတွေ တစ်ယောက်ပြီးတစ်ယောက် စင်ကာပူထွက်ပြီး အလုပ်လုပ်ကုန်ကြပြီဆိုတော့ ကိုယ်တွေလဲ စိတ်ပါလာတာပေါ့။ အဲဒါနဲ့ဘဲ အဲဒီတစ်လောက စင်ကာပူသွားရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ စလုပ်တော့တယ်။ ရောက်နေတဲ့ လူတွေကို စာနဲ့ဆက်သွယ် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ဖြည့်တင်းစရာရှိတာတွေ ဖြည့်တင်းဖို့လုပ်ရတယ်။

အလုပ်အတူတူလုပ်ကြတဲ့ ညီတစ်ယောက်နဲ့ အတူတူလာမယ်ဆိုပြီး စီစဉ်ကြတယ်။ သူ့မိဘများက ကိုဒီဘီနဲ့ဆို သူ့သားလေး စိတ်ချပါတယ်ဆိုပြီး အပ်နေလို့ တစ်ပါတည်း သွားကြဖို့ ပြင်ဆင်ကြတာပေါ့။ သူ့မှာက ပီအာအသိရှိတော့ ခေါ်စာကို သူကစီစဉ်တယ်။ ကျွန်တော်က စင်ကာပူရောက်ရင်နေဖို့အတွက် အခန်းကြိုငှားတာကို လုပ်ရတယ်။ လမ်းထဲက အသိတစ်ယောက်ဆက်သွယ်ပေးမှုနဲ့ ကလီမင်တီအရပ်မှာရှိတဲ့ ဗမာအိမ်တစ်အိမ်မှာနေဖို့ အဆက်အသွယ်ရခဲ့တယ်။ အဲဒီအိမ်မှာ အခန်းတစ်ခန်းငှားပြီး နှစ်ယောက်သား နှစ်ယောက်အိပ်မွေ့ယာနဲ့ နေခဲ့ရတယ်။ ညညဆို သူကတစ်တောင်နဲ့တွက်လို့ အိပ်ရေးခဏခဏပျက်ရတယ်။ သူကတော့မသိပါဘူး။ မင်းမိန်းမရရင်တော့ ဒုက္ခဘဲလို့ပြောတော့ ပြုံးဖြီးဖြီးလုပ်နေတယ်။

ကျွန်တော်တို့ မလာခင်က အတွေ့အကြုံရှိတဲ့ ကျွန်တော်က ဘာတွေယူခဲ့ဖို့ ညွှန်ကြားထားတာပေါ့ဗျာ။ ဒီလိုနဲ့ ကျွန်တော်တို့မှာ စောင်ပါတယ်၊ ခေါင်းအုံးပါတယ်၊ ထမင်းစားပန်းကန်ပြား တစ်ချပ်စီပါတယ်၊ ဇွန်းခရင်းတစ်စုံပါတယ်၊ ဆပ်ပြာတုံးကစလို့ ရောက်ရင်စားဖို့ ခေါက်ဆွဲခြောက်ထုပ်အထိပါ ပါခဲ့ကြတယ်။ နိုင်ငံခြားသွားတယ်ဆိုပြီးတော့ ရန်ကုန်က နာမည်ကြီး စိန်ရွှေဆိုတဲ့ အပ်ချုပ်ဆိုင်ကနေ ဆုတစ်စုံစီလဲ ချုပ်ခဲ့ကြသေးတယ်။ (ခုထိ ထုပ်မဝတ်ရသေးဘူး။ ပူလွန်းလို့။) ဒေါ်လာတွေ လေဆိပ်အထွက်မှာ စကင်ဖတ်ရင် မမြင်အောင်ဆိုပြီးတော့ ကာဘွန်စက္ကူနဲ့ပါတ်ဆိုလို့ ပါတ်လာခဲ့ရသေးတယ်။ နိုင်ငံခြား သွားပါတယ်ဆိုမှ ဒေါ်လာတစ်ပြားမှ မပါဘူးဆိုပြီး ပြောထွက်လာရတာ တယ်တော့ မနိပ်ပါဘူး။ အဖေကလဲ ရောက်ရောက်ချင်း သုံးလို့ရအောင်ဆိုပြီး စာအိပ်တစ်လုံးမှာ သူများကို လူကြုံစာပါးသလိုလိုနဲ့ ထည့်ပေးလိုက်သေးတာမှာ လေဆိပ်အထဲရောက်တော့ မိသေးတယ်ဗျာ။ ဖမ်းမယ်ဆီးမယ်လုပ်နေတာ နောက်ဆုံးတော့ ပိုနေတဲ့ဗမာပိုက်ဆံ တစ်သောင်းကယ်မှဘဲ လွတ်တော့တယ်။

လေဆိပ်မှာ ပစ္စည်းတွေချိန်တော့ ပေါင်ပိုတွေများနေလို့ အနားက ပစ္စည်းနဲတဲ့လူတစ်ယောက်ကို အကူသယ်ခိုင်းရသေးတယ်။ အလကားလား ဘယ်ရပါ့မလဲ လေးသောင်းပေးလိုက်ရတယ်။ နောက်ဆုံးတော့ လေယာဉ်ပေါ်ရောက်မှဘဲ စိတ်တစ်ချမ်းအေးနိုင်တော့တယ်။ လေယာဉ်ပေါ်လား ကျွေးတာစားပြီး နှပ်မနေအားပါဘူး။ ဟိုဘက်ရောက်ရင် နေထိုင်ခွင့် တစ်လရပါစေကြောင်း ဆုချွေတောင်းပြီး ချွေးတွေတောင် ပြန်လို့။ ကြောက်မယ့်သာ ကြောက်နေတာ၊ ရောက်တော့လဲ အားလုံးချောလို့။ ရက်သုံးဆယ်တုံးကလေး ထုပေးလိုက်မှဘဲ စိတ်အေးတော့တယ်။

အထဲရောက်တော့ ဆရာကြီးလုပ်ပြီး ဆင်တဲလ် ဆင်းကဒ်နှစ်ကဒ်ဝယ်တယ်။ ဖုံးအခွံက ရန်ကုန်ကလာကထဲက ယူလာကြပြီးသား။ အလုပ်ရရင် တခါတည်းဝယ်စရာမလို အသင့်သုံးယုံဘဲဆိုပြီး နှစ်ယောက်သား သယ်လာလိုက်တဲ့ ပစ္စည်းတွေက အိမ်ပြောင်းလာသလောက်ရှိတယ်။ ခုနောက်ပိုင်း အလုပ်လာရှာတဲ့ လူတွေဆို ဘယ်မှာအစုံပါလို့တုန်း၊ ခရီးသွားသလိုလာကြတာ။ ကိုယ်တွေလဲ ပစ္စည်းတွေကြည့်ပြီး အလုပ်မရရင်တော့ သယ်လာတာတွေအတွက် ရှက်စရာဆိုပြီး စိတ်တွေတောင် လှုပ်ရှားလို့။

ထုံးစံအတိုင်းပေါ့ ရောက်တာနဲ့ အကောင်းဆုံးဆိုပြီး ပြင်လာတဲ့ Resume ကို စင်ကာပူစံချိန်စံညွှန်းနဲ့ ကိုက်ညီအောင် ပြန်ပြင်ရတာပေါ့။ Laptop တစ်ယောက်တစ်လုံးစီပါကြတာနဲ့ အိမ်အနီးအနားက အလေအလွင့် အင်တာနက်လှိုင်းလေးတွေ အားကိုးပြီး လှုပ်လီလှုပ်လဲ့ သုံးရတာပေါ့။ အဲဒါကလဲ ရံဖန်ရံခါမှ ကောင်းတာဆိုတော့ နောက်ဆုံး အချိန်ရှိခိုက်လုံ့လစိုက်ရအောင် စီးတီးဟောက အင်တာနက်ဆိုင်ကို သွားသုံးရတယ်။ အဲဒီတုန်းက တစ်ဆိုင်ဘဲရှိသေးတယ်။ အဲဒါလဲ သွားရတာ ဝေးတော့ အိမ်အနီးအနားမှာ ဆိုင်ရှိမလားရှာရတယ်။ စင်ကာပူများ ညံ့ပါ့။ ရန်ကုန်မှာဆို အင်တာနက်ဆိုင်များ ကွမ်းယာဆိုင်လိုပေါတယ်။ ဒီမှာ ရှားပါ့။ ဒီလိုနဲ့နောက်ဆုံးတော့ ကလေးတွေ အွန်လိုင်းဂိမ်းဆော့တဲ့ အင်တာနက်ဆိုင်မှာ ကျွန်တော်တို့ လူကြီးနှစ်ယောက် အင်တာနက်သုံးပြီး အလုပ်လျှောက်ရတယ်။ ကလေးတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့။

ဖုံးကလဲ အင်တာဗျူးခေါ်တာ မရပေမယ့် ကိုယ်တွေက အိမ်လွမ်းပြီး ဆက်ဆက်နေကြလို့ ကဒ်ကလဲ ခဏခဏပြန်ဖြည့်ရသေးတယ်။ ရောက်တဲ့ညနေက ဆရာကြီးလုပ်ပြီး ကလီမင်တီ NTUC ဘေးနားက ဟော်ကာစင်တာက ကြက်ဆီထမင်းဆိုင်ကို ချီတက်သွားပြီး ညစာစားကြတယ်။ ကြက်ကင်တချမ်းနဲ့စားပြီး ဗိုက်ကားသွားကြတယ်။ ပြီးတော့ ဗမာငွေနဲ့ ပြန်တွက်ပြီး နှမြောနေကြသေးတာ။ ဖုံးကဒ်တွေ ဖြည့်ဖြည့်ပြီးရင်လဲ လွတ်မပြစ်ရက်ကြဘူး။ ဒါနဲ့ သိမ်းထားကြသေးတာ။ အဲဒါကနောက်တော့ တော်တော်အကျိုးရှိသွားတယ်။ အလုပ်ရပြီးတော့ တစ်ရက် စင်ကာပူထုံးစံ ဆင်တဲလ်ကဒ် သုံးကဒ်ကို KFC ကြက်ကြော်နှစ်တုံး အအေးတစ်ခွက်ဆိုပြီး လုပ်ပါရောလား။ ဘာပြောကောင်းမလဲ နှစ်ယောက်သား နှမြောပြီး သိမ်းထားတဲ့ ကဒ်တွေနဲ့ သွားလဲလိုက်တာ အဲဒီနေ့က တစ်ယောက်ကို ကြက်ကြော် ခြောက်တုံးနဲ့ အအေးသုံးခွက်စီ ရပါရောလား။ ဒါတောင် ရှက်လို့ ချန်ထားတဲ့ ကဒ်ရှိသေးတယ်။

တည်းတဲ့အိမ်က အန်တီကြီးကလဲ အင်မတန်သဘောကောင်းပါတယ်။ စနေနေ့တွေဆို သူက မုန့်တွေချက်ချက်ကျွေးသေးတာ။ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ အမျိုးမျိုးပါဘဲ။ ကြားရက်တော့ သူလဲ အလုပ်သွားရသေးတော့ မချက်နိုင်ပါဘူး။ ကျွန်တော်တို့လဲ လွယ်လွယ်ကူကူ ခေါက်ဆွဲပြုတ်ပေါ့။ ခေါက်ဆွဲ ရေနွေးစိမ်ဆို ပိုမှန်မယ်။ အိမ်ကသယ်လာတဲ့ ဆတ်သားခြောက်၊ မုန်ညှင်းချဉ် စတာတွေနဲ့ နေ့တိုင်းနီးပါးတွယ်ကြတယ်။ မှတ်မှတ်ရရ အလုပ်ရပြီး သုံးလလောက်အထိနေသေးတယ်။ နေနေတုန်းသုံးလမှာ ခေါက်ဆွဲပြုတ်ဘဲ စားကြတာများတယ်။ ရံဖန်ရံခါမှ အောက်ကဝယ်စားလာခဲ့ကြတယ်။

အလုပ်ရတော့လဲ ထူးဆန်းတယ်။ နောက်ပိုင်း အလုပ်ရှာရတာ အင်တာနက်ခက်မှန်း သူငယ်ချင်းတစ်ယောက်က သိသွားတော့ သူ့အိမ်သော့ကို ပေးထားတယ်။ နေ့လည်နေ့ခင်း သူ့အိမ်မှာ အင်တာနက်သွားသုံး ညနေမှ တည်းအိမ်ကို ပြန်လာ။ အဲလိုလုပ်ရတယ်။ အလုပ်ရှာတော့လဲ နှစ်ယောက်အတူ သူတွေ့တာ ကိုယ်ပါလျှောက် ကိုယ်တွေ့တာ သူပါလျှောက်နဲ့၊ ခုနောက်ပိုင်း အတူလာကြတဲ့လူတွေမှာ တစ်ယောက်က အလုပ်ရသွားတာတောင် အရင်သူလျှောက်ခဲ့တဲ့ အလုပ်တွေက အင်တာဗျူးခေါ်တာတောင် အတူလာတဲ့ လူကိုလိပ်စာမပြောချင်ကြဖူးလို့ ကြားကြားနေရတယ်။ အဲဒီလိုနဲ့ သူနဲ့ကိုယ်နဲ့က အသက်ရောလုပ်သက်ရော နဲနဲကွာတော့ တချို့အလုပ်တွေမှာတော့ လျှောက်တာမတူကြဘူး။

မှတ်မိသေးတယ် အင်တာဗျူးစခေါ်တော့ သူ့ကိုအရင်ခေါ်တယ် အလုပ်တစ်ခုက။ သူက ဟန်ဟန်ပန်ပန် Suit တွေဝတ်လို့သွားတာပေါ့။ ပြန်လာတော့ ချွေးတွေပြန်ပြီး ပြန်ရောက်လာတယ်။ ညရောက်လို့ အလုပ်လျှောက်စရာ မရှိတော့ရင် နှစ်ယောက်သား စက်နှစ်လုံးကို နက်ဝတ်ခ်ချိတ်ပြီးတော့ C&C စစ်တိုက်ကြသေးတာ။ ဟုတ်ကဲ့ နက်ဝတ်ခ်ကြိုးပါ သယ်လာတာ ဘာမှတ်သလဲ။ အစုံပါပါတယ်ဆို။ ပြီးရင် ညဖက် လေ့ကျင့်စရာရှိတာလေးတွေ ပြန်လေ့ကျင့်နဲ့ပေါ့။ အလုပ်ကို နှစ်ပါတ်လောက် အပြင်းအထန်ရှာလိုက်ရတယ်။ သုံးပါတ်မြောက်ထဲမှာ အလုပ်ရပါတယ်။

အလုပ်ရတော့လဲ ထူးခြားပါတယ်။ နှစ်ယောက်လုံးကို ကုပ္မဏီတစ်ခါထဲက အင်တာဗျူးခေါ်ထားတယ်။ ကျွန်တော့်ကို တစ်နာရီစောပြီးခေါ်တယ် သူ့ကို ကျွန်တော့်နောက်မှာ ခေါ်ထားတယ်။ နှစ်ယောက်သား မသွားခင်ကထဲက သေသေချာချာ ပြောသွားကြတယ်။ နှစ်ယောက်လုံး မရရင်တောင်မှ စိတ်မကောင်းမဖြစ်ဖို့ တစ်နေရာထဲ နှစ်ယောက်ခန့်မှာကတော့ ဖြစ်နိုင်ချေသိပ်နည်းတယ်ပေါ့။ အကောင်းဆုံးသာ ကြိုးစားကြတာတေပါ့ ရသွားလဲ မုဒိတာပွားကြတာပေါ့နဲ့ စိတ်ဝမ်းမကွဲအောင် သေချာတိုင်ပင်ထားကြတယ်။ ဒီလိုနဲ့ အင်တာဗျူးရောက်တော့ ကုပ္မဏီက သေးသေးလေး၊ Boss တစ်ယောက်ဘဲတွေ့တယ်။ ကျန်တာမရှိဘူး။ သူကတစ်ခုခိုင်းတယ် သဘောကောင်းပုံက အင်တာနက်မှာ အထောက်အကူတွေ ရှာပြီး လုပ်ချင်လဲ လုပ်ပါဆိုပြီး စိတ်ကြိုက်ဖွင့်ပေးသွားတယ်။ ဘယ်နေမလဲ Googling လုပ်ပြီး Code တွေ Copy & Paste လုပ်ပေးလိုက်တာ သူလိုချင်တဲ့ ပုံစံ တစ်နာရီအတွင်းရပါလေရော။

အဲဒီအချိန် အိမ်ကတစ်ယောက်ကလဲ နောက်ကရောက်နေပြီဆိုတော့ ကျွန်တော့်ကို ပြန်ဆက်သွယ်ပါမယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်။ Boss ကြည့်ရတာ တော်တော်ပျော်နေပုံထောက်တော့ ဟန်ကျပဟဲ့လို့တော့ ထင်သား။ ကျွန်တော်ရှာဖွေထားတဲ့ စာမျက်နှာတွေလဲ ကျွန်တော်က မပိတ်ခဲ့ဘူး။ အိမ်ကတစ်ယောက်ကိုလဲ အဲဒါဘဲပြန်လုပ်ခိုင်းပြီး နဲနဲထပ်ကွန့်ခိုင်းတယ်။ ကျွန်တော့်ရေးလက်စကို သူက ပြန်ပြင်ရတာဆိုတော့ ဘယ်နေလိမ့်မလဲ သူဌေးကပျော်နေတာပေါ့။ အဲဒီမှာဘဲ ကျွန်တော်တို့ နှစ်ယောက်လုံး အလုပ်ရခဲ့ကြတယ်။ နောက်မှသိရတာက အရင်ရှေ့မှာလုပ်နေတဲ့ တစ်ယောက်က အခုသူဌေးခိုင်းတဲ့ ပရောဂျက်ကို မလုပ်နိုင်လို့ နှစ်ပါတ်အကြာမှာ အလုပ်ထုပ်လိုက်လို့ လူတအားလိုနေတာတဲ့လေ။ ကုပ္မဏီက သေးလွန်းတော့ ဒီလိုဘဲ အစအနလေးတွေ လိုက်လုပ်ရတာပေါ့။ တစ်ခုကောင်းတာက ဂူးဂယ်မှာ ရှာပြီးလုပ်လိုက်လို့ ရတာတွေချည်းဘဲဆိုတော့ ဟန်ကိုကျနေကြတာပေါ့။

လေးလလောက်နေတော့ အိပ်ခန်းနှစ်ခန်းပါတဲ့အိမ်တစ်လုံး သီးသန့်ငှားပြီး တစ်ခန်းစီနေကြတယ်။ နှစ်ယောက်သား ရုံးပိတ်ရက်လဲ ဘယ်မှမသွားကြဘူး။ အိမ်မှာ Stay Home Saturday Movies ဆိုတာ ကိုယ့်အတွက် သီးသန့်လာသလား အောက်မေ့ရအောင် အိမ်မှာဘဲ နေကြတယ်။ ညဖက် ဒေါင်းလုပ်လုပ်ပြီး နေ့ဖက်ဆို စက်တစ်လုံးစီနဲ့ ရုပ်ရှင်ကြည့်ကြတယ်။

ခုတော့လဲ သုံးနှစ်အတွင်းမှာ ကျွန်တော်လဲ အလုပ်သုံးခုပြောင်းလို့ (သူလဲသုံးခုဘဲ) သူလဲအိမ်ထောင်ပြုလို့ အခုဆိုသူ့မိန်းမတောင် ဒီမှာရောက်နေပြီ။ သုံးနှစ်အတွင်းမှာ ရန်ကုန်ရုံးက လူတွေလဲ ကုန်သလောက်ရှိပြီ။ လာသမျှလူတွေ ကျွန်တော်တို့နှစ်ယောက်အိမ်မှာဘဲ အလုပ်လာရှာကြတယ်။ စားတယ်သောက်တယ်နဲ့ ခုတော့လဲ အားလုံး အခြေကြကုန်ပါပြီ။ သုံးနှစ်ဆိုတာ တကယ်တော့ တော်တော်မြန်တာဘဲနော်။ နောက်ဘယ်နှစ်နှစ်လောက်များ နေရဦးမလဲ။ ရှေ့ကို ဆက်လှမ်းတဲ့ လူတွေလဲ လှမ်းကုန်ကြပြီ။ ကျွန်တော်လဲ တစ်ခုခုတော့ ကြိုးစားရပါဦးမယ်။ 

Tags :
18,454 views