ဝက်ခြံကို ဘာထင်သလဲ

ဝက်ခြံ ဟုဆိုလာသဖြင့် ဝက်မွေးမြူရေးလုပ်သော ဝက်ခြံကို ပြေးမမြင်ကြပါနှင့်။ ဝက်တုတ်ကွေးအချိန်ကြီးတွင် အနှီဝက်ကို ယခင်လိုတောင် အားရပါးရ မစားရဲတဲ့ ဘဝပါ။ တကယ်တော့ တစ်ပိုင်တစ်နိုင်မွေးမြူရေး လုပ်နိုင်လျှင် အနှီဝက်သည် အင်မတန် အမြတ်များသော လုပ်ငန်းဖြစ်ပါသည်။ ခေတ်မှီဖွံ့ဖြိုးတိုးတက် သန့်ရှင်းသစ်လွင်သော ဝက်ခြံကြီးများဖြင့် ဝက်မွေးမြူရေးလုပ်လိုက်ရလျှင် အဘယ်မျှ ကောင်းလိုက်မည်နည်း။ နိုင်ငံခြားကို တင်ပို့နိုင်သည့်အထိ မွေးမြူရလျှင် ပိုမကောင်းလော။

သို့သော် စားလို့မရသော လူ့မျက်နှာပေါ်တွင်ပေါက်သော ဝက်ခြံဟုဆိုလာလျှင်တော့ ယောကျာင်္းလေးများမှာ အထူးရင်းနှီးကျွမ်းဝင်ပြီးတော့ မိန်းခလေးများ အလွန်မုန်းတီးကြမည် ဖြစ်ပါသည်။ သို့သော် ဘဝတစ်သက်စာတွင် ဝက်ခြံ မပေါက်ဘူးသော လူဟူ၍ ရှိမည်မထင်ပါ။ အထူးသဖြင့် ကျွန်တော်တို့ အာရှသားများ ပိုပင်ပေါက်နိုင်ပါသည်။ ယေဘူယျအားဖြင့် ဝက်ခြံသည် စိတ်ဖိစီး၍သော်လည်းကောင်း၊ မျက်နှာချွေးပေါက်ပိတ်၍ သော်လည်းကောင်း၊ သွေးသားပြောင်းလဲစ အချိန်များတွင်လည်းကောင်း ဖြစ်လေ့ဖြစ်ထရှိသည်ဟု ထင်ပါသည်။

အနှီဝက်ခြံထွက်လာလျှင် ယောကျာင်္းလေးများမှာ ထူးပြီးမစိုးရိမ်သလောက် မိန်းခလေးများမှာ အလှပျက်မှာကို စိုးရိမ်တတ်ကြပါသည်။ ယောကျာင်္းလေးများကတော့ ဆော့စရာတစ်ခုရသည့်အလား အားအားရှိ ဝက်ခြံညှစ်နေတတ်ကြသည်။ တချို့များ ဝက်ခြံကို သေသေချာချာအချိန်ပေး၍ မှန်တစ်ချပ်ဖြင့် စိတ်ရှည်လက်ရှည် ညှစ်တတ်ကြသည်။ တချို့များကြတော့လဲ မေ့မေ့ပျောက်ပျောက် ထားလိုက်ကြကာ အချိန်တန်တော့လဲ သူဘာသာပေါက်ပြီး ပျောက်သွားကြတတ်သည်။

ကျွန်တော်လဲ ငယ်ငယ်ကတော့ ထုံးစံအရ ဝက်ခြံပေါက်ခဲ့ဘူးသည်။ ဒီလိုဘဲ အချိန်တန်တော့ ပျောက်သွားခဲ့တာပါဘဲ။ သို့သော် အနှီဝက်ခြံသည် ကျွန်တော့်ဘဝထဲကို ဒုတိယံပိ ထပ်မံဝင်ရောက်လာပြန်သည်။ စင်ကာပူရောက်စက ဖြစ်ပါသည်။ ပထမဆုံးဝင်ရတဲ့ အလုပ်မှာ မြန်မာပြည်မှာ လုပ်ကိုင်လာခဲ့တဲ့ လုပ်နည်းကိုင်နည်းတွေနဲ့ နဲနဲကွာခြားတဲ့ အခါမှာ၊ လိုအပ်ချက်တွေ နင်းကန်မြင့်မားလွန်းတဲ့ ဒီက သုံးစွဲသူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခါမှာ၊ အလုပ်နောက်ကို လူက တရွတ်တိုက်လိုက်ပြီး စိတ်ဖိစီးမှုများကို ဝက်ခြံတွေထွက်လာခဲ့ပါတယ်။ ဒီတစ်ခါတော့ မေ့မေ့ပျောက်ပျောက်ထားလို့ မရတော့ဘူးဗျ။ သူ့အလိုလိုတိုးတိုးလာလိုက်တာ အရင်က နုပျိုချောမွတ်နေတဲ့ မျက်နှာလေးဟာ (အဟိ) ဝက်ခြံဖု လေးငါးဆယ်ဖုနဲ့ အလွန်စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ သူ့ဘာသာ ခပ်သေးသေးဆိုရင်လဲ စိတ်ထဲဘယ်လိုမှ နေမှာ မဟုတ်ပေမယ့် သူကတစ်လုံးတစ်လုံးကို ခပ်ကြီးကြီးဖြစ်နေပြီးတော့ အချိန်တန်လို့ ပြည်မှည့်ပြီး ပေါက်သွားရင်တောင်မှ အနာဟာ ပျောက်မသွားဘဲ အနီရောင် အဖုအနေနဲ့ ဆက်ကျန်နေခဲ့ပါသေးတယ်။

အဲဒီမှာဘဲ ဝက်ခြံအော်ပရေးရှင်းလုပ်ဖို့ ရန်ကုန်မှာရှိတဲ့ မိသားစုများနဲ့ တိုင်ပင်ပြီးတဲ့သကာလ ဆေးသနပ်ခါးတစ်မျိုးကို ပို့လိုက်ပါတယ်။ အဲဒါကို စွဲစွဲမြဲမြဲ ညအိပ်ယာဝင်တိုင်း လိမ်းပေးလိုက်တာ မကြာပါဘူး။ မူလပထမ အသားအရေအတိုင်း ပြန်ဖြစ်သွားပြီး ဝက်ခြံများလဲ ပျောက်ကင်းကုန်တော့တာပါဘဲ။ အလုပ်ကလဲ အဲဒီအချိန်မှာ လုပ်နေတာ၆လကျော်သွားပြီမို့ အလုပ်ကိုနိုင်လာတာလဲ ပါမှာပေါ့လေ။

အဲဒီဝက်ခြံဟာ ကျွန်တော့်ဘဝထဲကို တတိယံပိ ထပ်မံဝင်ရောက်လာပြန်ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော့်ဆီကို တည့်တည့်လာတာ မဟုတ်ဘဲ ကွေ့ဝိုက်ပြီး ရောက်လာပြန်ပါတယ်။ ဟုတ်ပါတယ် ကျွန်ုပ်ချစ်ချစ် မဒမ်ဒီဘီဆီကို ရောက်လာတာပါ။ မြန်မာမိန်းခလေးများ ဝက်ခြံပေါက်ခဲပါတယ်။ ပေါက်ရင်လဲ သွေးသားပြောင်းလဲစ အချိန်မှာဘဲ ပေါက်တတ်တာပါ။ သူတို့လောက် မျက်နှာကို ဂရုစိုက်တာ သူတို့ဘဲ ရှိပါတယ်။

သူနဲ့ကြမှ တိုက်တိုက်ဆိုင်ဆိုင်လို့ ပြောရမလိုပါဘဲ။ လွန်ခဲ့တဲ့ ငါးလလောက်ကပေါ့။ မိတ်ဆွေတစ်ယောက်က မျက်နှာသန့်စင်ဆေးရည်များဆိုပြီး တွဲဖက်လိမ်းရသော အတွဲလိုက်တစ်တွဲကို လက်ဆောင်ပေးလာပါတယ်။ ဘဝမှာ မက်စ်ဖက်တာနဲ့ ပရိုမီနာလောက်သာ စွဲစွဲမြဲမြဲသုံးဖူးတဲ့ မဒမ်ဟာ အဲဒီဟာတွေရပြီး သုံးပြီးကထည်းက မျက်နှာမှာ ဖြူဖြူအဖုသေးသေးလေးတွေ စထွက်လာပါတယ်။ အစကတော့ ပေါ့ပေါ့ပါးပါးဘဲ အချိန်တန် နွားပိန်ကန်လိမ့်မယ်ဆိုပြီး အသာနေနေရာကနေ ခုတော့အဖုလေးတွေဟာ ကြာဆူးဖုလေးတွေလို ခဲခဲမာမာဖြစ်လာပါတယ်။ သူကလဲ တစ်နေ့တစ်နေ့ မျက်နှာသစ်တိုင်း ရင်ဆိုင်နေရတာဆိုတော့ စိတ်ပင်ပန်းရှာမှာပေါ့။ ကျွန်တော့်အတွက်ကတော့ အချိန်တန် ပျောက်သွားမယ် ကျွန်တော့်တုန်းက လိမ်းတဲ့ ဆေးသနပ်ခါးကို လိမ်းခိုင်းရင်း နှစ်လလောက်ကြာသွားခဲ့ပါတယ်။

အဲဒီလိုနဲ့ တစ်နေ့သား အကြောင်းတိုက်ဆိုင်သွားလို့ သူ့ပါးနဲ့ ကျွန်တော့်ပါး မတော်တဆ ခလုပ်တိုက်မိကြတဲ့အခါ .. (ဒန် တန့်တန်) ဒီအဖုတွေကို ကျွန်တော်သိပ်မုန်းသွားတယ်။ သူမပြောနဲ့ ကျွန်တော်တောင် တုန်လှုပ်သွားတယ်။ မဖြစ်ခြေဘူးဆိုပြီး ဝက်ခြံဟု ယူဆရသော ထိုအဖုများ နှိမ်နင်းရေးအတွက် လေ့လာရေးထွက်ရပါတော့တယ်။

ဒီလိုနဲ့ ရပ်ကွက်ထဲမှာရှိတဲ့ မျက်နှာပြုပြင်ရေး ကလင်းနစ်များကို အပြင်ကနေ မယောင်မလည်နဲ့ လေ့လာရပါတယ်။ (အထူးသဖြင့်ဈေးနှုန်းပေါ့) တစ်ရက်တော့ စိတ်ဒုံးဒုံးချပြီး အိမ်နားက ဆိုင်တစ်ဆိုင်ကို နှစ်ယောက်သားဝင်ကြတယ်။ သူ့မျက်နှာက အဖုလေးတွေပြရင်း ဘာလုပ်လို့ရမလဲ မေးကြည့်ကြတယ်။ တရုတ်မ လှလှလေးတွေက မျက်နှာကို ဆေးတွေလိမ်းလို့ ပြီးတဲ့အခါ ၂နာရီကြာထားလို့ မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ပစ်ရမည်ဖြစ်ကြောင်း ရှင်းပြကြပါတယ်။ ဒါနဲ့ဈေးနှုန်းတွေ စုံစမ်းကြတော့ တစ်ခါလုပ်ရင် စင်းဖွတ်ကလိ ဒင်္ဂါး အပြား ၁၅၀ကျမှာဖြစ်ပြီးတော့၊ အနည်းဆုံး ၆ကြိမ်လောက် လုပ်ပေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒါကို ၆ကြိမ်စာ Package ယူပြီးအလုပ်အပ်မယ်ဆိုရင်တော့ လျှော့ဈေးပေါ့ဈေး စဉ်းစားပေးမှာဖြစ်လို့ တစ်ကြိမ်ကို ၁၂၀ လောက်ဘဲ ကျသင့်သွားမှာ ဖြစ်တယ်လို့ ပြောပြကြပါတယ်။

ကျွန်တော်မပြောနဲ့ ရောဂါဖြစ်နေသူ မဒမ်တောင် တုန်လှုပ်သွားပါတယ်။ ကျွန်တော့်အတွက် ခပ်သင့်သင့် လက်ပတော့တစ်လုံးဝယ်လို့ရတဲ့ငွေကြေး။ ရန်ကုန်ကို လူနှစ်ယောက် လေယာဉ်နဲ့ အသွားအပြန်သွားလို့ရမည့် ဈေးဖြစ်နေတာကြောင့် လှည့်ပတ်ပြောပြီး နှစ်ယောက်သား ဆိုင်ထဲကပြန်ထွက်လာခဲ့ကြပါတယ်။ ပျောက်မယ်မပျောက်မယ်လဲ ကိုယ်တွေက အတွေ့အကြုံမရှိတော့ မသိ။ အိုနှမ ညိုမြ အစ်ကိုကတော့ အချစ်မလျော့ပါဘူးကွယ်၊  မကုချင်လဲ မကုပါနဲ့လား။ နို့ပေတဲ့ သူကပျောက်ချင်နေတော့ကာ ထပ်မံစဉ်းစားရပြန်ပါတယ်။ 

ဒီလိုနဲ့ ဗမာလိုပြောလို့ရတဲ့ ဗမာဆိုင်တွေသွားရင် အနဲဆုံးတော့ သေသေချာချာမေးမြန်းပြောပြလို့ ရမှာဘဲဆိုပြီးတော့ စီးတီးဟောက မျက်နှာအလှပြုပြင်ရေးဆိုင်တွေဆီ ချီတက်ကြပြန်တယ်။ အဲဒီမှာဘဲ ကျွမ်းကျင်သူ အနှီအမကြီး ပြောပြလိုက်တာမှာ ကျွန်တော်တို့ ပိုပြီး တုန်လှုပ်ချောက်ခြားရပြန်တယ်။ သူက မျက်နှာကို ကြည့်တဲ့ပြီးနောက် အတော်ဆိုးနေပြီဖြစ်လို့ အထဲကအဆံများကို အပ်နဲ့ဘဲ တစ်ခုချင်း ထွင်းရမှာဖြစ်ကြောင်း။ ကိုယ်လဲ ကြားဖူးနာဝလေးနဲ့ ဟိုလေ စက်နဲ့စုပ်ထုပ်တာတို့ ဘာတို့မလုပ်ဖူးလားဆိုတော့ မရဘူးတဲ့၊ တော်တော်ရင့်နေပြီဖြစ်လို့ အပ်နဲ့ဘဲ ထွင်းရမယ်တဲ့။ အကျိုးတော့နဲတော့မှာဘဲ ဆိုပြီး နှစ်ယောက်သား ပြန်ထွက်လာခဲ့ကြပါတယ်။

သြော် နိုင်ငံခြား နိုင်ငံခြား ပိုက်ဆံရှိမှ ကောင်းတဲ့ နိုင်ငံခြားပါလားနော်။ ရန်ကုန်မှာဆို ဘယ်သွားပြမလဲ ရွှေဘုံသာလမ်းထဲမှာ ပေါမှပေါ။ ခုတစ်လော ရန်ကုန်လွမ်းနေတဲ့အထဲမှာ အဲဒါတွေလဲပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား ခေါင်းလေးငိုက်စိုက်ငိုက်စိုက်နဲ့ စီးတီးဟော ငါးထပ်ကိုတက်အလာမှာ။ လှေခါးအတက်မှာဘဲ မြန်မာဆေးခန်းကြီး ဘွားခနဲတွေ့လိုက်တယ်။ သေချာဖတ်ကြည့်လိုက်တော့ မျက်နှာနဲ့ပါတ်သက်တာတွေလဲ ကုတယ်ဆိုတာနဲ့ အလှပြင်ဆိုင်မှာ မျက်နှာဆေးရုံနဲ့ ပျောက်မှန်းမပျောက်မှန်းမသိ၊ မျက်နှာကို အပ်နဲ့ထွင်းမှာကို သွားလုပ်မယ့်အစား တတ်ကျွမ်းသူ ဆရာဝန်မနဲ့ဘဲ ပြကြည့်ကြတာပေါ့လေဆိုပြီး လေးဖင့်တဲ့ ခြေလှမ်းတွေနဲ့ ဆေးခန်းထဲ ဝင်ခဲ့ကြတော့တယ်။

ဒီလိုနဲ့ ဆရာဝန်မကြီးနဲ့ ဆွေးနွေးတဲ့အခါမယ် သူကလဲ သူ့ရဲ့ Track Records တွေပြလို့၊ ပုံတွေကြည့်ကြတဲ့အခါ မဒမ်မျက်နှာဟာ သူ့ဆီလာကုကြတဲ့ လူတွေလောက် ဆိုးဆိုးရွားရွားကြီး မဟုတ်တာကို သိလိုက်ရတယ်။ မဒမ်ကတော့ မျက်လုံးအရောင်တွေ တောက်နေတာပေါ့။ ဆရာဝန်မရဲ့ အပြောအရတော့ ရောဂါအနုအရင့်လိုက်လို့ သုံးလေးကြိမ်လောက် ကုသလိုက်တာနဲ့ ပျောက်ကင်းသွားမှာဖြစ်ကြောင်း စိတ်ပါမှကုပါဆိုတာနဲ့ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ကုကြတာပေါ့လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီနေ့ ညနေမှာဘဲ ချက်ချင်း မျက်နှာကို စိန်သွားပါတဲ့(ဆရာဝန်မက မဒမ့်ကို ဆေးကြောပေးနေရင်း ပြောပြချက်များအရ) တံစည်းနဲ့ တိုက်ပါတယ်။ (ကြောချမ်းစရာဗျာနော်။) နောက်ပြီး အက်ဆစ်တစ်မျိုးနဲ့ ထပ်မံဆေးပြန်ပါတယ်။ အားလုံးအပြီးမှာတော့ ဆက်လက်သောက်ရန်ဆေးများ၊ လိမ်းရန်ဆေးများပေးလို့ နောက်တစ်ပါတ်မှာ ထပ်မံပြရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ စင်ကာပူဖွတ်ကလိဒင်္ဂါး အပြားနှစ်ရာကျော် ဖလွတ်ဆို ထွက်သွားပါတယ်။ ရှေ့လာမယ့် တနလာင်္မှာ နောက်တစ်ကြိမ် တွေ့ရဦးမှာဖြစ်ပါတယ်။ ခုလောလောဆယ်တော့ စားဆေး လိမ်းဆေးများပေးလိုက်လို့ တစ်ပါတ်စာအိမ်မှာ ဆက်ကုရမည့်သဘောပါ။ ကျွန်တော့်အထင် သုံးကြိမ်လောက်တော့ သွားတွေ့ရမယ်ထင်ပါတယ်။ နော့ ဘယ်တတ်နိုင်ပါ့မလဲ ဒီလိုနဲ့ဘဲ 85 mm EF Lens လေးဝယ်ဖို့ ကျိတ်စုထားတာလေး ချသုံးလိုက်ရတော့မှာပေါ့။ (အားလုံးကုသပြီးသွားရင် ဆက်လက်ပြောပြပေးပါဦးမယ်ကွယ်။)

သြော် ဝက်ခြံဝက်ခြံ၊ ဝက်ခြံကို ဘာများထင်ကြပါသလဲ။

Tags :
16,224 views