ဧပရယ်ဖူး ..သိပ်ဆိုးတယ်

အဟမ်း .. မကြောက်ပါနဲ့။ ဒီတစ်ခါတော့ ဆင်ဆာလွတ်တာဘဲရေးမှာပါ။ ဒါပေသည့် နာမည်ကိုတော့ လှတပတလေးဘဲပေးထားလိုက်တယ်။ ယုန်ထင်ကြောင်ထင် ထင်နေအောင်လို့။ အမှန်ဖြစ်ရမှာက ဧပြီဖူးလ်။ သို့သော်လည်း ဒီရက်ရောက်ရင် လူတွေက သူ့အတွက်နဲ့ အင်မတန်ရူးကြတာဆိုတော့ သူ့ကိုနာမည်လှလှလေးပေးထားတဲ့ ကောင်မလေးတစ်ယောက်လို ခံစားကြည့်တာပါ။ သြော် ဧပရယ်ဖူး သိပ်ဆိုးတယ်ကွယ်။

မနေ့ကထဲက သေချာတယ် ဒီနေ့မှာတော့ အမျိုးမျိုးချောက်ချတော့မှာဘဲဆိုပြီး သတိအနေအထားနဲ့ စောင့်နေတယ်ဆိုလဲ မမှားဘူးပေါ့ဗျာ။ ကိုယ်လဲ ဘာချောက်ချရင်ကောင်းမလဲ မနေ့ညက စဉ်းစားသေးတယ်။ နောက်ဆုံးတော့ သူများဘာတွေလုပ်မလဲ စောင့်ကြည့်တော့မယ် ဆိုပြီးတော့ အိပ်လိုက်တယ်။

မနက်မိုးလင်းတော့ ဘယ်သူတွေအသစ်တက်လဲ ဖတ်ကြည့်လိုက်တော့ အင်မတိ အင်မတန် သတိထားတဲ့ကြားထဲက ဝမ်းမြောက်စရာ သတင်းကောင်းများ ဆိုတာနဲ့ စဖွင့်လိုက်တယ်။ ပါသွားတယ် တစ်ဝက်လောက်အထိ။ သံပါတ်တင်းထားတဲ့ သတိက ဟေ့ရောင်ဆိုတော့ နေပါဦးကွာ ဒါဖြစ်နိုင်တယ်ဆိုပြီး ဆက်ဖတ်တယ်။ အောက်ဆုံးမှာ အရူးလုပ်တာလို့ မရေးလိုက်ရင် တော်တော်လှမယ်။ မျက်နှာမသစ်ရသေးဘူး ဈေးဦးပေါက်ခံလိုက်ရပြီ။

ဒီလိုနဲ့ ရုံးရောက်သွားတော့ အလုပ်လေးဘာလေး လုပ်နေတုန်း SMS ဝင်လာသေးတယ်။ ရန်ကုန်က ဘဘကြီး မာလကာသီးစားလို့တဲ့။ ဘီဘီစီ သတင်းမှာပါဆိုဘဲ ဒါကတော့ မဖြစ်နိုင်သေးဘူး။ ဆန္ဒတွေ စောနေကြတာနေမှာ (အဟီး)။ ငါးခူပြုံးလေးပြုံးလိုက်တယ်။ ဒီလိုနဲ့ လွတ်သွားတယ်တစ်ခု။

တော်နေကြာတော့ နဲနဲအားသလိုလိုရှိတာနဲ့ Google Reader ထဲဖွလိုက်တယ်။ မြန်မာပြည်ကို ဖုန်းအလကားခေါ်လို့ရမယ်တဲ့။ ရေးတဲ့လူကလဲ ယုံလောက်စရာရှိတာနဲ့ ဖတ်လိုက်တယ်။ အလဲ့ သူညွန်းတဲ့ သတင်းဆိုဒ်ကလဲ ဖတ်ဖူးနေကြ။ ဟုတ်လောက်တယ်ဆိုပြီး သူ့ပို့စ်ထဲမှာ သူများကွန်မန့်ပေးထားတာကို မြင်ရဲ့သားနဲ့ သူညွှန်းထားတဲ့ဆီ လိုက်သွားတယ်။ မိတယ်ခင်ဗျာ။ နှစ်ခါရှိသွားပြီ။

ဒီနေ့ ဘာကြားကြား မယုံဘူးလို့ အားတင်းထားတဲ့ကြားက ထိတယ်။ ဒါနဲ့ နောက်ထပ်နှစ်ခုဖတ်ဖြစ်တယ်။ မှန်းထားတဲ့ ပုံစံဝင်နေလို့ (ကိုယ်တောင် မနေ့ညက ရေးမယ်စဉ်းစားထားတဲ့ ပုံစံ) အဲဒီနှစ်ခုမှာ ငါးသလောက်ပြုံးလေးနဲ့ ရှောင်လို့လွတ်ခဲ့တယ်။

နေ့လည်လောက်ကြတော့ ရန်ကုန်ကလူတစ်ယောက်ကို တွေ့ချင်တာနဲ့ အွန်လိုင်းမှာ ပုန်းပြီးစောင့်နေတယ်။ ဒီလိုနေတုန်း ရုံးက ညီမတစ်ယောက် Customer site မှာ နှစ်ပါတ်ရှိနေပြီ သွားလုပ်နေရတာ တွေ့တာနဲ့ကိုယ်က စကားလှမ်းပြောတယ်။ သူ့ညီမဒီရောက်နေတာ အလုပ်ရတာမှ နှစ်လတောင် မပြည့်သေးဘူး ပြန်ရတော့မယ်ဆိုလို့ အကြီးအကျယ် ဝမ်းနည်းသွားတယ်။ ဖြစ်ကြောင်းရယ်တဲ့ ကုန်စင်မေးပြီးတော့ ရုတ်တရက် သတိရလိုက်တယ် ငါမယုံသင့်ဘူး။ ဒါနဲ့ ခုနက ဝမ်းပန်းတနည်းဖြစ်နေတဲ့ လေသံကနေ ရုတ်တရက် တူတူပုန်းတန်း ကစားရင် လူမိတဲ့ အခါအော်တဲ့ ပုံစံနဲ့ နင်အရူးလုပ်နေတာ မဟုတ်လားဆိုပြီး မေးလိုက်ရတယ်။ သူကလဲ အဲလိုဖြစ်ရင်ကောင်းမှာပါ ကိုဒီဘီရယ်ဆိုတော့ ဟုတ်တာ မဟုတ်တာ အသာထား ကိုယ်ရှိန်တန့်လိုက်ရတယ်။ စွတ်ငြင်းလို့ကောင်းတာမဟုတ် သူများ ဝမ်းနည်းနေတာကို။

ရုတ်တရက် မန်နေဂျာက ငါတို့စားသုံးသူများနဲ့ သဘောတူ စာချွန်လွှာအရ ဧပြီ ၁၅ မှာ Alpha Version Release လုပ်ရမယ်လဲဆိုရော အားလုံး လန့်ဖြန့်ကုန်ကြတယ်။ မနောက်နဲ့နော်။ Alpha အသာထားလို့ ဘာလုပ်ရမယ်မှန်းတောင် ကျွန်တော်တို့မသိသေးဘူး။ စိတ်ပျက်တဲ့ အထဲမှာ အဲဒါတွေပါတယ်။ သုံးနှစ်အတွင်း အလုပ်သုံးခုလုပ်ခဲ့ဘူးတယ် တစ်ခုမှ စိတ်တိုင်းကျတဲ့ Management Team နဲ့မကြုံဘူးသေးဘူး။ ရန်ကုန်မှာတုန်းက လုပ်ခဲ့ကြသလိုဘဲ။ နှမ်းထွက်မကိုက်ဘူး။ ဟိုပြန်လုပ်ရင်ကောင်းမလား တွေးနေသေးတယ်။ အဲ စကားပြတ်သွားတယ် ဒါနဲ့သေချာနားစိုက်ထောင်လိုက်တော့ ဟုတ်တယ်ဗျာ တကယ်အပ်ရမှာတဲ့။ ဒါနဲ့ သူတို့ ဘယ်လိုပတ်တီးရိုက်ရင်ကောင်းမလဲ ဆွေးနွေးတာတစ်ဖွဲ့ ဘာလုပ်ရမယ်ဆိုတာကို ဒီဇိုင်းချတာ တစ်ဖွဲ့ဖြစ်သွားပြီးသကာလ သေချာသွားတာက ရှေ့အပါတ် အလုပ်များတော့မယ်။ သြော် ဧပရယ်ဖူးလေးဖြစ်လိုက်ပါတော့လား။

နောက်ဆုံးပိတ် ညနေရောက်သွားတယ် ပြီးပါပြီလေဆိုပြီး စိတ်လျှော့လိုက်တယ်။ ကွန်ပြူတာဗိုင်းရပ်စ် အကြောင်းရေးထားတာ တစ်ခုသွားဖတ်တယ် ပုံကလေးနဲ့ပြထားတော့ ကိုယ်ကလဲ ကွန်ပျူတာသမားဆိုတော့ ငါးရံ့ပြုံးလေးနဲ့ ဖတ်သွားတယ်။ တော်သေးရဲ့။ ဒါနဲ့ သူများစီဘောက်မှာ ကြော်ငြာထားတဲ့ လင့်တစ်ခုကို သိသိကြီးနဲ့ သွားနှိပ်တယ်။ ထိပြန်တယ်။ အမှန်က မဖြစ်နိုင်ဘူးဆိုတာ လင့်ကြည့်ရုံနဲ့သိနိုင်တယ်။ ဘာဘဲဖြစ်ဖြစ် အရူးလုပ်ခံကြည့်မယ်ဆိုပြီး နှိပ်ထည့်လိုက်တာပါဘဲ။

ဒီစာမရေးခင်မှာ သူများအလုပ်ပါးလို့ စိတ်ညစ်ကြောင်း ရေးထားတာလေးတစ်ခု သွားဖတ်မိတယ်။ ဘာဘဲဖြစ်ဖြစ် သနားသွားတယ် အသေအချာ အားတွေပေးလိုက်ပြီးမှ ဟုတ်မှဟုတ်ပါလေစ ဆိုပြီးဖြစ်သွားသေးတယ်။ တော်တော်ဆိုးတဲ့ ဧပရယ်ဖူးရယ်ကွယ်။

ဒါနဲ့ဘဲ မနေ့ညကတော့ သူများကို ဘယ်လိုအရူးလုပ်ရင်ကောင်းပါ့မလဲ စဉ်းစားရာကနေ ညနေမှာတော့ ကိုယ်အရူးအလုပ်ခံလိုက်ရတာလေးတွေကို ချရေးရင်း ဘာမှမဟုတ်တဲ့ တောင်စဉ်ရေမရစာတွေကို လာဖတ်မယ့်လူတွေကို အရူးပြန်လုပ်လိုက်ရပါတယ်။ မယုံဘူးမဟုတ်လားဟင်။

ရှေ့လာမယ့်ရက်တွေ တကယ်အလုပ်များမှာဗျ။ စာရေးအားလောက်ဘူး။ PG 13 ဆိုတာကြီးကိုလဲ နောက်ရောက်သွားအောင် လုပ်ချင်သေးတယ်။ တော်နေကြာ စာတစ်အုပ်လောက်ရေးပါဆို ဒွတ်ခ။

စက်ရပ်သတင်း။ ။ ခုလေးတင် မသွားတာကြာပြီဖြစ်တဲ့ Forumw.org ဆိုတာကို ဘာလေးညာလေးရှာဖို့ အသွားမှာ နောက်ဆုံးပိတ် အိပ်နဲ့လွယ် ထိပြန်တယ်။ ကောင်းကြသေးရဲ့လား ဧပရယ်ဖူးလ်ရယ်။ ဘာဘဲဖြစ်ဖြစ် တစ်ပုဒ်ရတယ်လေ နည်းလားနော့။

 

Tags :
25,925 views