မောတယ် တောအလယ်

ခုရက်ပိုင်း မအားတဲ့ကြားက ကျည်ပွေ့မှာ အတက်တစ်ခု ထပ်ထွက်ချင်တာရယ် နောက်တစ်ခုက အချိန်တန်တော့လဲ လျှောက်ရပြန်တာဘဲ ဆိုသလိုပေါ့ ကျောင်းတစ်ကျောင်း ကိုလျှောက်မိတယ်။ အဲဒါမှာ ဗမာပြည်ကဘွဲ့အနေနဲ့ သချာင်္ရထားတော့ ပေးလိုက်တဲ့ စာရွက်စာတန်းတွေထဲမှာ အမှတ်စာရင်း မပါသွားလို့တဲ့ ကျောင်းကလှမ်းတောင်းတယ်။

မနှစ်က တခြားကျောင်းတစ်ခုကို လျှောက်ဖူးတာမှာတော့ သချာင်္နဲ့ပါတ်သက်လို့ ဘွဲ့လက်မှတ်ကလွဲလို့ ကျန်တာမတောင်းဖူးတော့ တောင်းထားရကောင်းမှန်း သတိကမရတာလဲပါတယ်။ ဒါနဲ့ကျောင်းက စာလာတော့ နဲနဲစိတ်ညစ်သွားတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်ကို လှမ်းပြီးပြောရတော့မယ်။ ပြီးတော့ အချိန်တိုအတွင်းမှာ ရပါ့မလားလို့လဲ စိတ်ပူသွားတာပါတယ်ပေါ့။ ရန်ကုန်အိမ်မှာကလဲ လူငယ်လူရွယ်ရှိတာမဟုတ်တော့ လူကြီးတွေကို ဒုက္ခပေးရဦးမယ်ဆိုပြီးတော့ စိတ်နဲနဲအိုက်သွားတယ်။

ဘာဘဲဖြစ်ဖြစ်နောက်ဆုံးတော့ ရန်ကုန်ကိုဖုံးလှမ်းဆက်ပြီး လိုအပ်တာလေး ပြောပြရတယ်။ လူကြီးတွေကလဲ စနေမှာခရီးသွားစရာရှိတယ်ဆိုတော့ သောကြာနေ့လောက်ရမှ အဆင်ပြေမှာဖြစ်ကြောင်း ရေလောင်းဖို့လိုက များများသာလောင်းဖို့အကြောင်း မှာကြားရပါတယ်။ မယုံမရှိနဲ့ မြန်တယ်ခင်ဗျ။ မနက်ကသွားတာ နေ့လည်မှာ ရမယ်တဲ့ သော့ချိတ်ကလေးဘဲ ဝယ်ရဆိုဘဲ။ နိပ်ဟ။ အဲဒါကို သတိတရမေးရှာပါတယ် ကိုယ်တောင်မေ့နေတာ နိုတြီပြန်ပေးလိုက်ရမလားတဲ့။ ဟုတ်ပေသားဘဲ။

အဲဒီမှာ စတွေ့တာဘဲဗျ။ နိုတြီပြန်မယ့်ဆိုင်ရောက်တော့ ဒီလိုအမှတ်စာရင်းမျိုးက အတုတွေလဲရှိလို့တဲ့ အောင်လက်မှတ် မိတ္တူဖြစ်ဖြစ် ကျောင်းသားကဒ်လေးဖြစ်ဖြစ်ပြမှ လုပ်ပေးနိုင်မယ်တဲ့။ ဟမ် ကျောင်းတံဆိပ်ကြီးနဲ့ ကျောင်းကထုပ်ပေးတဲ့ စာရွက်ညိုညိုလေးနဲ့ဟာကို မယုံဘူးဆိုဘဲ။ ကောင်းကြသေးရဲ့လား။ လာလာသေးတယ် တနလာင်္နေ့ကမှ ညွှန်ကြားထားလို့ဆိုဘဲ။ ကိုယ်နဲ့ကြမှ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပါဘဲ။ ဒါနဲ့ ဘွဲ့လက်မှတ်က ကိုယ်ကဒီယူလာခဲ့ပြီ ဟိုမှမကျန်ခဲ့တော့ဘူး။ မိတ္တူလေးတောင် မပေးမိခဲ့ဘူးဖူးထင်တာဘဲ၊ ဒါနဲ့ပြန်စဉ်းစားတော့ ဒီမလာခင် အိမ်ရှင်းတော့ သိမ်းဆည်းထားတဲ့ အတိုအစ စာရွက်စာတမ်း ကျောင်းသားကဒ်အဟောင်းလေးတွေ အိပ်တစ်လုံးနဲ့ သိမ်းပေးထားခဲ့တယ်ဆိုတာပြန်မှတ်မိတယ်။ (ကျွန်တော်က အတိုအစတွေသိပ်သိမ်းတတ်တာ။ တော်တော်နဲ့ မပစ်လိုက်တတ်ဘူး။ ဒီမှာဆိုရင် ဥပမာ ဘဏ်မှာငွေထုပ်တယ်ပေါ့ စာရွက်ကလေးထွက်လာရင် သူများတွေဖတ်ပြီးရင် ဘေးနားက အမှိုက်ပုံးထဲပစ်ခဲ့ကြတယ်။ ကျွန်တော်က အိမ်ယူယူလာပြီး စုစုထားတတ်တယ်။ ဘာမှန်းမသိတဲ့ အကျင့်။ နောက်ပိုင်းများလာတော့လဲ စုပြီးလွတ်ပစ်ရတာပါဘဲ။)

ဒီလိုနဲ့ လူကြီးတွေ ကျောင်းသားကဒ် အစုတ်ကလေး (သုံးခုတောင်။ သုံးနှစ်စလုံးစာ မပျောက်မပျက်သိမ်းထားတာသာကြည့်တော့) ရှာတွေ့သွားကြတယ် ညနေမှာဘဲ နိုတြီဆိုင်ကို ပြန်သွားကြတယ် ကဒ်အစုတ်ကလေးကို ကြည့်ပြီးတော့မှ ယုံကြည်သွားတော်မူကြတယ်လေ။ ဒီလိုနဲ့ နိုတြီပြီးသွားတယ်။ နောက်နေ့မှ စကန်ဖတ်ပြီး ပို့လိုက်မယ်ဆိုတော့မှ သက်ပြင်းချနိုင်တယ်။ ဒါတွေကို ဖုံးနဲ့ဆက်ပြီးမေးနေ ပြောနေရင် တော်တော်ကုန်မှာဆိုတော့ ရန်ကုန်က သူငယ်ချင်းတစ်ယောက်ကို ဂျီတော့မှာ အဆက်မပြတ်မေးနေရတယ် သူကအိမ်ကလူကြီးတွေကို ဖုံးနဲ့ဆက်မေးပေးတယ်ပေါ့။ နောက်တော့ နိုတြီကိစ္စကို သူဘဲတာဝန်ယူပြီး သွားလုပ်ပေးမယ် သူဘဲစကန်ဖတ်ပြီး ပို့ပေးမယ်လုပ်လိုက်လို့ လူကြီးတွေ နဲနဲသက်သာသွားတယ်။

နောက်နေ့ကြတော့ စကန်ဖတ်ပြီးတာကို ပို့လိုက်တယ်ပေါ့လေ။ စစ်ကြည့်လိုက်တော့ တွေ့တာဘဲ။ ဗမာလို ကျောင်းကပေးလိုက်တာမှာ GP လို့လက်ရေးလေးနဲ့ လုပ်ပေးလိုက်တာကို နိုတြီဆရာက ဘာလုပ်လိုက်လဲဆိုတော့ Marks Obtained out of 100 ဆိုပြီးလုပ်လိုက်တယ်။ ပုံများတွင်ရှု။

မူရင်း

နိုတြီ

ဒါနဲ့ သူငယ်ချင်းကို ပြန်ပြောရတယ်။ GP နဲ့ Marks Obtained out of 100 နဲ့မတူဘူးလို့။ ငါ့ကို ၁၀၀ မှာ ၂ မှတ်ဘဲရတယ်လားလို့ ဒီကကျောင်းက မေးကြမှာပေါ့လို့။ ပြန်ပြင်ပေးပါလို့။ ဆိုင်ကဘာပြန်ပြောတယ်ထင်ပါသလဲ ပြင်မပေးနိုင်ပါဘူးတဲ့ ဒါသူတို့ပုံစံဘဲတဲ့ လူတိုင်းဒီလိုထုပ်ပေးနေကြတဲ့။ ဟမ် ၁၀ တန်းအမှတ်စာရင်း မဟုတ်ဘူးလို့ ဒါတက္ကသိုလ် အမှတ်စာရင်းလို့ အမှတ်၁၀၀ ပေါ်မှာအခြေခံပြီး ထုပ်ပေးတာမဟုတ်ဘူး ဂရိတ်နဲ့ပေးတာ ဒါကြောင့် ပြန်ပြင်ပေးရမယ်လို့ ဒီကနေ သူငယ်ချင်းကိုတွန်းရတယ်။ သူလဲတော်တော်စိတ်ညစ်နေပြီ။ နိုတြီပြန်တယ်ဆိုတာ ဗမာလိုမြင်သမျှကို အင်္ဂလိပ်လို ပြန်ရတာဘဲလေ ဘာလို့ရှည်ကဲပြီး မပါတဲ့စာသားတွေ ထပ်ထည့်ရလဲ ဘာညာနဲ့ ရန်တွေ့ပြလိုက်မှ သူငယ်ချင်းလဲ ထပ်ကြိုးစားပေးမယ်ဆိုပြီး ညနေရုံးဆင်းတော့ ထပ်သွားပေးရှာပါတယ်။

နောက်ဆုံးတော့ သောကြာနေ့မှာ အားလုံးချောချာမောမော (တကယ်မောတယ်ဗျ) ပြီးသွားတယ်။ ဒါတောင် ပြင်ပေးခ ထပ်ယူလိုက်သေးတယ်တဲ့။ မလွယ်ဘူးဗျာ လုပ်ကိုင်စားရတာ။

Tags :
10,796 views