နောင်နှစ်ခါလဲဆီးလို့ကြိုကွယ် ..

မိုးလင်းကထဲက ကောင်းကင်တစ်ပြင်လုံး မှိုင်းအုံ့အုံ့ဖြစ်နေသည်။ ဒီပုံအတိုင်းဆို ပွဲများပျက်လေမလား။ သွားစရာတွေကလဲ များလှသည်။ ဘယ်ကိုအရင်သွားလျှင်ကောင်းမလဲ။ စဉ်းစားနေရင်းမှာဘဲ လူးလဲကာ အိပ်ယာမှထရသည်။ မနေ့ညက မတွေ့တာအတော်ကြာသော သူငယ်ချင်းတွေနဲ့ စားကြသောက်ကြရင်း မိုးချုပ်သွားခဲ့သေးသည်။ ရေမိုးချိုးပြီးတော့ ၁၀ နာရီထိုးပြီးပြီ နောက်ဆုံးတော့ အိမ်နားနီးတဲ့ ဆမ်ဘာဝမ်း သင်္ကြန်ကို အရင်သွားဖို့ ဆုံးဖြတ်လိုက်သည်။

ဆမ်ဘာဝမ်းပန်းခြံရောက်တော့ မနက် ၁၁ နာရီထိုးပြီ။ မိုးအုံ့နေတာကြောင့် ပတ်ဝန်းကျင်က မေမြို့ရောက်သွားသလိုခံစားရသည်။ ပန်းခြံအဝရောက်တာနဲ့ ဘာမှအားငယ်စရာမရှိ ကိုယ့်ဗမာသံတွေ အများကြီးကြားနေရသည်။ ပန်းခြံတွင် ဂိတ်ဆုံးသော ဘတ်စ်ကားနံပါတ် ၈၈၂ သည်ထိုနေ့က လူတွေပြည့်ကျပ်သိပ်နေတော့သည်။ အငှားကားသမားတွေကလဲ တော်တော် တအံ့တသြဖြစ်လို့နေကြသည်။ ယခင်က ငါးဖမ်းသောလူလောက်သာ လာလေ့ရှိသော ပန်းခြံကို ယနေ့ဘာကြောင့် လူတွေအများကြီးလာကြသလဲ နားမလည်နိုင်ကြ။ ဘတ်စ်ကားကလဲ အသွားရော အပြန်ပါ လူတွေပြည့်ကျပ်သိပ်ကုန်ကြသည်။ ဒီလိုနဲ့ ပန်းခြံထဲရောက်တော့ လူအသွားအလာကိုကြည့်ပြီး လိုက်သွားလိုက်တာ ရောက်ပါပြီ သင်္ကြန်ပွဲကျင်းပရာ ကမ်းခြေကို။ မျှော်လင့်ထားတာက သင်္ကြန်သီချင်း ကြားနေရတာက ဗမာလျှာဖြင့်သီဆိုနေသော တရုတ်သီချင်း။ ဘာဘဲဖြစ်ဖြစ် ဒီသီချင်းသံကြားလို့ နေရာကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာ မဟုတ်လား။

ဗမာလျှာဖြင့် တရုတ်သီချင်း သီကျူးနေကြသော ဆမ်ဘာဝမ်းမှ သင်္ကြန်မေများ။

လူတွေတွေ့ရပြီ ထင်ထားသလောက်တော့ အများကြီးမဟုတ်သေး။ ဒီနေ့က သုံးနေရာလောက် ရှိတာဆိုတော့ လူတွေနေရာကွဲသွားလို့ဖြစ်မည်။ တိုပါးရိုးမှာလဲရှိသည် ယူးနို့စ်မှာလဲရှိသည် ဆမ်ဘာဝမ်းကလဲ လုပ်သည်ဆိုတော့ လူတွေတနေရာထဲမှာ အများကြီးမရှိ။ စတုဒီသာကျွေးသည်များကို လူတွေအားပါးတရစားနေကြတာ မြင်ရတော့ ဝမ်းသာပျော်ရွှင်စရာကောင်းလှသည်။ ဝမ်းနဲစရာကောင်းတာက ကိုယ်ဘာမှမစားလိုက်ရ။ လူကိုနိုင်အောင်မတိုးနိုင် ကင်မရာတစ်ကားကားနှင့် လူတိုးရခက်လှသည်။ ဒါနဲ့ဘဲ စိတ်ကို အရှင်းထားကာ သူများတွေ ရေကစားနေတာ သေချာကြည့်နေလိုက်တော့သည်။ သေချာတာတော့ နေ့လည်မှာစမည့် စီးတီးဟောရှေ့က ကွင်းပြင်ပွဲစည်မှာသေချာတယ်။ ခရီးဆက်ရင်ကောင်းမလား စဉ်းစားလိုက်တယ်။ လက်မှတ်ကလဲ ခုထိမဝယ်ရသေး။

တစ်နာရီသာသာလောက် ဆမ်ဘာဝမ်းသင်္ကြန်တွင် နေပြီးသောအခါ စီးတီးဟောဘက်သို့ ဆက်ချီတက်ခဲ့သည်။ တိုပါရိုး ဘုန်းကြီးကျောင်းကို ဝင်မယ် စိတ်ကူးထားသေးသော်လည်း နေ့လည်၁၂နာရီ ကျော်နေပြီဖြစ်သောကြောင့် လူတွေမရှိလောက်တော့ ဟုစဉ်းစားကာ ရထားပေါ်မှ မဆင်းဖြစ်တော့ပေ။ စီးတီးဟောရှိ ပန်နင်ဆူလာပလာဇာသည် ထုံးစံအတိုင်း ဗမာများဖြင့် စည်းကားသိုက်မြိုက်လို့နေသည်။ သင်္ကြန်ပွဲ လက်မှတ်ရောင်းသော အောင်ချမ်းသာဆိုင်ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သောအခါ လက်မှတ်များ ရောင်းချနေဆဲဖြစ်၍ လက်မှတ်ဝယ်လိုက်တော့သည်။ သေချာအောင် ဘာကျွေးမလဲမေးတော့ ဘာမှမကျွေး ဟိုကျမှကိုယ့်ဘာသာ ဝယ်စားရမည်တဲ့ ဘာဘဲဖြစ်ဖြစ် ရပြီဟဲ့လက်မှတ်။

အထဲမှာဈေးကြီးလောက်တယ် အပြင်ကနေဝယ်သွားကြမယ် ဆိုတဲ့အသံတွေကြားလို့ ကြည့်လိုက်တော့ သြော်ဘီယာဘူးတွေ သိုသိပ်ဝယ်နေကြတာပါလား။ စီးတီးဟော တစ်ဝိုက်ဒီနေ့ကတော့ ဗမားများဖြင့်အတိပြီးသော နေ့လို့ပြောရမလိုပါဘဲ။ ဘယ်နေရာကြည့်ကြည့် ဗမာများဖြင့်သာ နေရာယူလို့ထားကြသည်။ တစ်မျိုးတော့ ပျော်ဖို့ကောင်းသည် တစ်ခါမှဒီလောက် ဗမာတွေများများတွေ့လို့ ပျော်စရာမကောင်းဘူးသေး။ အားလုံး၏ရင်ထဲမှာ တူညီသော ပျော်ရွှင်မှုတွေ စီးဝင်နေတာဖြစ်ရမည်။ ဘယ်သူ့တွေ့တွေ့ အချင်းချင်း ရယ်ပြလို့နေကြသည်။ မြန်မာပြည်မှာတုန်းကလဲ ဒီလိုမျိုးပင်ဖြစ်သည်။ တစ်ဦးကိုတစ်ဦး သိသိမသိသိ တစ်ယောက်တစ်လက် ဆေးပေါ့လိပ်ကမ်းကြသည် သောက်လက်စ ဆေးလိပ်တိုကမ်းကြသည်။ အင်မတန်ကပ်စေးနဲသော လူများပင်လျှင် သင်္ကြန်အချိန်ရောက်လျှင် ကိုယ့်ရှိတာချကျွေးတတ်သည် မဟုတ်ပါလား။

ဒီလိုနှင့် ပွဲကျင်းပရာ ကွင်းနားရောက်သွားတော့ နေ့လည် ၁နာရီကျော်ပြီဖြစ်သည်။ အပြင်မှနေ၍ သီချင်းသံတွေ စတင်ကြားရပြီ ဖြစ်ပါသည်။ ကွင်းထဲမရောက်ခင် ပန်နီဆူလာနှင့် ပွဲကျင်းပရာ ကွင်းကြားရှိ ခရာဇ်ယာန် ဘုရားကျောင်းဝင်းထဲတွင် ရွှေဗမာများ အုပ်စုဖွဲ့ထိုင်တာထိုင် သောက်တဲ့လူသောက် မူးပြီးလဲနေသောလူတွေကလဲလို့ မြင်မကောင်းအောင် ဖြစ်လို့နေကြသည်။ ဒီလိုနှင့် ပွဲကျင်းပရာ ကွင်းရှေ့ရောက်တော့ ကွင်းထဲသို့အဝင်တွင် လူတန်းကြီးက အရှည်ကြီးဖြစ်သည်။ အထဲမှာတော့ အဆိုတော်တွေ သီချင်းစဆိုကုန်ကြပြီဖြစ်သည်။ ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ဗမာများက ကွင်းအဝင်ဝတွင် စောင့်ကာ လက်မှတ်သိမ်းသည်။ စင်ကာပူရဲကလည်း အကူအညီပေးကာ အင်အားပြထားသည်။ အဝင်ဂိတ်ပေါက်တွင် ကျောပိုးအိပ်ပါသော သူများကို လုံခြုံရေးအရ ခဏတာ စစ်ဆေးသည်မှအပ အစစအရာရာ အဆင်ပြေပါသည်။

ကွင်းထဲရောက်တော့ ပွဲစချိန်ကနေ့လည် ၁၂နာရီမှ ညနေ၆နာရီ ဖြစ်သောကြောင့် အဆိုတော်များ သီချင်းများဖြင့် သီဆိုဖျော်ဖြေကုန်ကြပြီ ဖြစ်ပါသည်။ မနက်ပိုင်းက မိုးရွာထားသေးသောကြောင့် ကွင်းထဲမှာ ရွံ့ဗွက်တွေထလို့နေသည်။ ဟိုဟိုဒီဒီ အရင်လျှောက်ကြည့်လိုက်တော့ သီချင်းဆိုကြသော စင်မှာ အတော်ပင်နိမ့်သောကြောင့် နောက်ဖက်မှကြည့်လျှင် သီချင်းဆိုသူများကို သေချာမမြင်ရတော့ပေ။

လူတွေက အော်ရင်းဟစ်ရင်း ကရင်းခုန်ရင်းဖြင့် ရှေ့ရောက်ရောက်သွားကြသဖြင့် စင်ပေါ်မှ အနောင့်ဇာကလဲ လူတွေရှေ့သိပ်မတိုးကြဖို့ ခဏခဏပြောရသည်။ ကျွန်တော်ရောက်တော့ ဇော်ဝမ်းဆိုနေသည်။ လူတွေသာမန်ဘဲ ရှိသေးသည်။ ဝင်လာမစဲ တစ်ဖွဲဖွဲရှိတုန်း၊ ဒါတောင် ရှေ့နားမှာ နေရာရထားသော လူများမှာ အတော်ပင် အရှိန်ရနေကြပုံရသည်။ ခဏနေတော့ အနောင်ဇာက အားလုံးမျှော်လင့်နေသော ဖြူဖြူကျော်သိန်းကို ပွဲထုတ်လိုက်သည်။ တကွင်းလုံး ဆူညံသွားသည်။ ဖြူဖြူကျော်သိန်းနှင့် ပရိတ်သတ်ကြီး အပေးအယူတည့်ကြသည်။ စက်တွေက ရန်ကုန်ရှိုးပွဲတွေမှာ သုံးသော စက်တွေလောက် မကောင်းသောကြောင့် တခါတရံအသံတွေ လုံးနေတတ်သည်။ ထင်ရတာကတော့ တီးဝိုင်းမှာ ဟန်ပြသက်သက်သာဖြစ်၍ စီဒီအခွေထည့်ဖွင့်ပြီး ဆိုကြရပုံပေါ်သည်။ ဖြူဖြူကျော်သိန်းသည် ပရိတ်သတ်ကို အတော်သဘောကျနေပုံရသည် “မိုက်တယ်ကွာ ..” ဆိုသောစကားကို ပါးစပ်ဖျားကမချပေ။ ရန်ကုန်ပွဲတွေလို မိုက်ကို ပရိတ်သတ်ဘက် လှည့်ပြီး သီချင်းဆိုခိုင်းသော်လည်း စက်မှာ သိပ်အကောင်းကြီး မဟုတ်လှသဖြင့် အောက်မှအော်ဆိုသံကို ဆောင်းဗောက်တွင် ထွက်မလာပေ။ အဆိုတော်မှ မိုက်ကို ပရိတ်သက်ဖက် လှည့်ပေးလိုက်လျှင် သီချင်းသံပျောက်သွားသည်။

တိုက်ဂါးဘီယာသည် သူဌေးဖြစ်ကြံကြပုံရသည်။ တစ်ပုလင်းလျှင် စင်ကာပူ ၆ဒေါ်လာသာသာပေးရချိန်တွင် သူက ကွင်းထဲတွင် မတ်ခွက်တစ်ခွက်စာသာဝင်မည့် ပလတ်စတစ်ခွက်ဖြင့် တစ်ခွက်ကို ၆ဒေါ်လာဖြင့်ရောင်းသည်။ မသောက်ဘူး ထင်ပါသလား။ တက်တက်စင်အောင် မှားသွားပါမည် ယောကျာင်္းလေးများသာမက မိန်းခလေးများပင် ရေငတ်ပြေသောက်ကြသည်။ ညနေဘက်ရောက်လေ လူတွေပိုမြူးလာလေ ဘီယာနှင့်ရေချိုးသလား အောက်မေ့ရအောင် တစ်ချို့များ ဘီယာခွက်တွေလေထဲမြှောက်ကာ ကကြသဖြင့် ဘီယာများမှာ သောက်ရတာထက် ဖိတ်ကြတာက များနေသည်။ စင်ကာပူရဲများမှာ ယခုလို ဗမာများ၏ သင်္ကြန်ပွဲကို မြင်ဘူးကြပုံမရ။ တအံ့တသြဖြင့် ကြည့်ကြသည်။ ခေါင်းတယမ်းယမ်းဖြင့်လည်း ရှိကြသည်။ ဘီယာများဖြင့် ကခုန်နေကြပုံကို ကြည့်၍ နှမြောနေကြပုံလဲရသည်။

ဆာဆာနှင့် လျှမ်းထမင်းဝါတစ်ပွဲ အရင်တီးလိုက်သည်။ ဖါလူဒါတစ်ပွဲ အဆစ်ထည့်လိုက်ပြီးသောအခါ ကွင်းထဲလျှောက်ကြည့်ရန် အားပြည့်သွားပြီဖြစ်သည်။ “ကျွန်တော် ဒီနေ့ အလုပ်မဆင်းဘဲ လာတာဗျ။ သူငယ်ချင်းတစ်ချို့ကတော့ နှစ်ဆရတဲ့ ဆန်းဒေးမို့ မလိုက်လာကြဘူး၊ ကျွန်တော်ကတော့ သင်္ကြန်ဆိုရင် ရေမဆော့ရတောင် ခုလိုသီချင်းဆိုတာ သူများတွေ ပျော်ကြတာကို ကြည့်လို့ကောင်းလို့ကို အလုပ်မဆင်းဘဲ လာတာ။ အလုပ်က စူပါဗိုက်ဇာကတောင် သိပ်မကြည်ချင်ဘူး အကိုရေ့ အလုပ်မဆင်းလို့တဲ့လေ။ ဒီတစ်ပါတ်မလုပ်ရင် နောက်တစ်ပါတ်လဲ ဆန်းဒေး မဆင်းနဲ့လို့ ပြောလိုက်သေးတယ်..” သဘောင်္ကျင်းတစ်ခုတွင် အလုပ်လုပ်သော သင်္ကြန်ပွဲလာ ဗမာတစ်ယောက်မှ သူ၏ ပျော်ရွှင်တက်ကြွစွာဖြင့် သင်္ကြန်ပွဲလာခဲ့ပုံအကြောင်း ယခုလိုပြောပြသွားသည်။

“သမီးလား ရေဆော့မယ်လေ သီချင်းနားမထောင်ချင်ပါဘူး အိမ်မှာလဲနားထောင်လို့ရတာဘဲ ခုလို လွတ်လွတ်လပ်လပ် ရေဆော့လို့ရဖို့က ဒီမှာလွယ်တာမဟုတ်၊် အရင်နှစ်တွေကဆို နေရာကျယ်ကျယ်ပြန့်ပြန့် မဟုတ်တော့ ရေဆော့ရတာ မကောင်းဘူး မလွတ်လပ်ဘူး၊ ခုလို ကွင်းပြင်ထဲမှာဆိုတော့ အားရပါးရဆော့လို့ရတယ်။ လူလား ပက်စရာမရှိလဲ ဟိုက ကလေးတွေနဲ့ ဆော့မှာပေါ့ ရေပက်နေရရင် ရေစိုနေရင် သမီးအကြိုက်ဘဲ။ ဖေကြီး မေကြီးတို့လဲ ပါတယ်လေ ဟိုးနောက်က ခုံတန်းမှာထိုင်နေကြတယ်” စင်ကာပူတွင် ပိုလီကျောင်းပြီး၍ အလုပ်ခွင်ဝင်နေပြီဖြစ်သော ကလေးမလေးတစ်ယောက်မှ စိတ်လွတ်လက်လွတ် ပျော်နိုင်ပုံအကြောင်းကို ကလေးများဖြင့် ဆော့ကစားနေရာမှ ကမန်းကတန်း ပြောပြသွားသည်။

ဟုတ်တော့လဲ ဟုတ်သည်။ ယခင်က တိုပါးရိုးမြန်မာဘုန်းကြီးကျောင်းရှေ့မှာ လုပ်ကြတော့ လမ်းကကျဉ်းကျဉ်း အိမ်တွေကြားထဲမှာ ဆော့ရတာ မလွတ်လပ်။ ဒီကြားထဲ မူးနေသူများကလဲ ရှိသေးသဖြင့် ရေဆော့ချင်သူ သက်သက်သမားတွေ စိတ်မဖြောင့်ကြ။

“ကျွန်တော်လား ပိုက်ဆံတော့ သိပ်ပေါလွန်းလှတယ်တော့ မဟုတ်ပါဘူးဗျာ တစ်နှစ်မှတစ်ခါ ပြီးတော့ ဒီနှစ်ကလဲ ထူးထူးခြားခြား မြို့လယ်ခေါင်က ကွင်းပြင်ထဲမှာလုပ်တာဆိုတော့ ဘာဘဲဖြစ်ဖြစ် ဂုဏ်ယူပြီး လာခဲ့တာဘဲဗျ။ ဒီနေ့တော့ လက်မှတ်က ၁၅ ကျပ် မုန့်စား ဘီယာသောက်နဲ့ဆိုရင် အနဲဆုံး ၅၀ လောက်တော့ ကုန်မယ် အစ်ကိုရာ၊ ကိစ္စမရှိပါဘူး ပြန်ရှာလို့ရပါတယ် ဟဲဟဲ၊ ဆန်းဒေးနှစ်ရက်ဆင်းလိုက်ရင် ပြန်ကျေပြီဗျ” သူငယ်ချင်းများနှင့် ဘီယာသောက်ရင်း ကခုန်နေသူတစ်ယောက်မှ သူ၏အသုံးစရိတ်ကို ခန့်မှန်းပြသည်။

တစ်ရက်ထဲ ငွေ၅၀သုံးချင်းဆိုတာ သူတို့လို WP အလုပ်သမားများအတွက်တော့ မျက်စိမှိတ်သုံးခြင်း ဖြစ်နိုင်သည်။ ကြုံတောင့်ကြုံခဲ စင်ကာပူအစိုးရက လူမြင်ကွင်းတွင် ခုလိုပွဲကျင်းပခွင့်ပေးခြင်းကို အမှတ်တရလာကြသူများပင်။

ခပ်လှမ်းလှမ်းတွင် မိန်းခလေးတစ်ယောက် မျက်ခင်းထဲ လဲမကြစေရန် သူ၏အဖော် ယောကျာင်္းလေးမှ ထိမ်းပေးနေရပုံ မြင်ရသဖြင့် ကျွန်တော်လဲ မယောင်မလည် ကပ်သွားလိုက်သေးသည်။ “မနေ့ညကထဲက ဆေးရုံမှာ ညဂျူတီဆင်းထားလို့ ခုထိမအိပ်ရသေးတာခင်ဗျ၊ မနက်ကလဲ အိပ်ပါဆိုတာ မအိပ်ဘဲ မုန့်တွေလိုက်စားကြတယ်လေ၊ မုန့်ကလဲဗျာ လူတိုးနေရတော့ သေချာဝအောင် စုံအောင်မစားရပါဘူး၊ အဲဒါခုလဲ ကျွန်တော်တို့သောက်တော့ သူလဲသောက်မယ်ဆိုလို့ တိုက်လိုက်တာ ခုလိုဖြစ်သွားတာဘဲဗျာ၊ ခက်တာဘဲ လူတွေကြားထဲ ရှက်စရာကြီး၊ ခင်ဗျာ မများပါဘူး နှစ်ခွက်ထဲပါ ဟီးဟီး။ အစာမရှိလို့ ပိုမူးသွားတယ်ထင်တယ်” လက်တစ်ဖက်က မြေကြီးပေါ်က မြက်ပင်တွေကို ကျစ်ကျစ်ပါအောင် ဆုတ်ထားသော သူ့အဖော် မိန်းခလေးကို ပွေ့ထားရင်းမှ ခုလိုရှင်းပြသွားပါတယ်။

ညနေလေးနာရီလောက်ရှိသောအခါ ကွင်းထဲရှိလူတွေ တော်တော်များများမူးကုန်ကြပြီ။ တစ်ချို့လဲ ဒိုင်လျှိုသွင်းလာသော အပြင်မှယူလာသော ဘီယာများဖြင့် အားဖြည့်ကြသည်။ အမူးလွန်နေသော ဗမာနှစ်ယောက် ရဲကတွဲပြီးခေါ်သွားတာ တွေ့လိုက်ရသည်။ “မင်းတို့ဆီက နာမည်ကြီး အဆိုတော်တွေလား သီချင်းတွေက နိုင်ငံခြားသီချင်းတွေနော် ငါကြားဖူးတယ်ကွ။ မင်းရောမကဘူးလား မင်းသူငယ်ချင်းတွေကတော့ ဘီယာတွေအလကားဖြစ်အောင် လုပ်ကုန်ကြပြီ၊ မင်းတို့တွေ သူဌေးတွေဘဲကွ..” အစချီကာ အထူးအဆန်း ဖြစ်နေသော စင်ကာပူရဲတစ်ယောက်မှ စကားလုပ်ပြောလာပါသေးသည်။

“ကျွန်တော်လား ဒီရောက်တာ သုံးနှစ်လောက်တော့ ရှိပြီဗျ တစ်နှစ်မှ အပြင်မထွက်ဖူးဘူး။ အိမ်မှာဘဲနားတာများတယ်၊ ဘုန်းကြီးကျောင်းလောက်တော့ လူပါးသွားတဲ့ နေ့လည်ပိုင်းလောက်တော့ သွားဖြစ်တယ်၊ ဒီနှစ်တော့ ထူးထူးဆန်းဆန်း ကွင်းပြင်ထဲမှာလုပ်မယ်ဆိုလို့ နောက်ပြီး ၁၅ကျပ်ဆိုတာကလဲ မဆိုးလှတဲ့ နှုန်းထားပေါ့လေ အဲဒါကြောင့် ကြုံဖူးတယ်ရှိအောင် လာလိုက်တာပါ။ မူးတာတော့ဗျာ ရန်ကုန်မှာလဲ ဒီလိုမူးကြတာဘဲ၊ ဒီမှာတော့ နဲနဲသတိထားသင့်တယ်ထင်တယ်၊ ရဲကလဲ အနားရှိနေတော့လေ ဒီကရဲက သေချာလုပ်မှာဗျ ကိုယ့်အလုပ်လုပ်ခွင့် ပတ်စ်လေးတွေ မထိခိုက်အောင် ပျော်ကြရင်တော့ ကောင်းပါတယ်ဗျာ။ ဘာဘဲဖြစ်ဖြစ် အားလုံးကြည့်ရတာတော့ တော်တော်ပျော်နေကြတဲ့ပုံပါဘဲ ကျွန်တော်တောင် ပိုပျော်လို့ကောင်းအောင် နှစ်ခွက်လောက် သောက်လိုက်သေးတယ်ဗျ” ဟု စင်ရှေ့တည့်တည့် ကွင်းနောက်နားရှိ ဆောင်းဗောက်စ်များ အနားတွင်ရပ်လျက် သီချင်းများကို အားရပါးရလိုက်ပါသီဆိုနေသူ အော်တိုကက်ဒ် ပုံဆွဲပညာဖြင့် အလုပ်လုပ်နေသူ တစ်ယောက်မှ သူ၏အပျော်များကို ပြောပြသွားသည်။
ကွင်းနောက်ဘက်ရှိ ယာယီအိမ်သာမှာ လူစည်ကားလှသည်။ လူတန်းကြီးမှာ အရှည်ကြီးဖြစ်လို့နေသည်။ တချို့ မစောင့်နိုင်သူများကတော့ အိမ်သာဘေးတွင် ကပ်ပြီးပန်းပြစ်လိုက်ကြသည်။ ပန်းပြီးသကာလ ဘီယာဆိုင်ရှေ့ ပြန်ဝင်ပြီး တန်းစီကြပြန်သည်။ သံသရာလည်နေကြတာဖြစ်ရမည်။

ကင်မရာတကားကားဖြင့် ကွင်းထဲပါတ်နေရသောကြောင့် သူများသောက်သလိုလဲ ကိုယ်မသောက်ရသေး။ ခြေထောက်များမှာလဲ ရွံ့တွေဗွက်တွေဖြင့် ညစ်ပါတ်ပေရေနေသည်။ ရွံ့တွေပေနေတာကတော့ လူအားလုံးဖြစ်ပါသည်။ တချို့လဲ ကိုယ်က ငြိမ်ငြိမ်ကြည့်ပါလျှက် ဘေးကလူက ခုန်ပေါက်နေသောကြောင့် ခြေထောက်များမှာပါမက ဘောင်းဘီတွေအထိပါ တက်စင်ကုန်ကြသည်။

ညနေကလဲ တော်တော်စောင်းလာပြီ။ ၆နာရီပွဲပြီးလို့ လူတွေလွှတ်လိုက်ရင် တိုးမပေါက်ဖြစ်တော့မည့်အရေး တွေးမိသောကြောင့် ၅နာရီလောက်တွင် ကွင်းထဲမှ ပြန်ထွက်ဖို့ ပြင်ဆင်ရတော့သည်။ အမှတ်တရဖြစ်စေသော ၂၀၀၉ သင်္ကြန်ဘဲဖြစ်ပါတော့သည်။ စီးပွားရေးအရဘဲဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ ဗမာများရဲ့ သင်္ကြန်ပွဲကို ခုလို သတ်သတ်မှတ်မှတ် ကျင်းပခွင့်ပေးတာကိုတော့ ကျေနပ်မဆုံးဖြစ်မိပါတော့သည်။

 

Bonus: ပုံထဲတွင် စင်ကာပူအခြေစိုက် နာမည်ကြီး ဘလော့ဂါတစ်ယောက် ရေဆော့နေပုံပါသည်။ တွေ့အောင်ရှာပါ။ အမှန်က သွားခဲ့သောနေ့ကတည်းက သူများတွေလို အပြိုင်အဆိုင်တင်ဖို့ပင် ပင်ပန်းလာတာရယ်နဲ့ မရေးဖြစ်၊ ရုံးပြန်တက်ရတော့လဲ ပင်ပန်းပြန်လာတာနှင့် မရေးဖြစ်၊ နှစ်ဆန်းတစ်ရက် မတိုင်ခင် ကမန်းကတန်းရေးလိုက်ရပါပေတယ်။

Tags : ,
25,982 views