အပျော်စီး

ဒီမှာအလုပ်တွေပင်ပန်းကြတော့ လူတွေကစိတ်ဖြေရာ အပျော်ခရီးလေးတွေထွက်ကြတယ်၊ တနေ့တာ လျှောက်လည်တာတို့ ကမ်းခြေမှာသွားထိုင်ကြတာတို့ စတာတွေလုပ်ကြတယ်။ တချို့လဲ ပူလာအူဘင်ဆိုတဲ့ ကျွန်းကိုသွားပြီး တောလမ်းလေးမှာ စက်ဘီးစီးကြတယ်။ ကျွန်တော်တို့တစ်တွေ ဒီလိုဘဲစိတ်ပြေလက်ပျောက်ဆိုပြီး အမျိုးမျိုးအပျော်စီးကြတာလေးတွေရှိတတ်ကြသည်။ ငယ်ငယ်ကဆိုလျှင် ညနေတိုင် စက်ဘီးကလေးထုတ်ပြီး ရပ်ကွက်ကို ဘယ်နှစ်ပတ်မှန်းမသိအောင် စီးသည်။ သူငယ်ချင်းတွေပါသည့် အခါလည်းရှိသလို ရံဖန်ရံခါလည်း ကိုယ့်စိတ်ကူးလေးနဲ့ကိုယ်စီးသည်။ စိတ်ကူးယဉ်ပြီး အစီးကောင်းလို့ အစအနောက်သန်တဲ့ ကလေးတစ်ယောက်က ရှေ့ဘီးစမုတ်တိုင်တွေကြားထဲ တုတ်တစ်ချောင်းပစ်ထည့်လိုက်လို့ ဟတ်ထိုးဖြစ်သွားဖူးသေးသည်။ ငယ်ငယ်က မိဘများအလုပ်ရှိရာ သာယာဝတီ ပန်းကန်စက်မှာနေတော့ တခါတလေလဲ ရန်ကုန်-ပြည် ကားလမ်းပေါ်ထွက်စီးတတ်သေးသည်။ မြို့ပေါ်ကလူတွေ ညနေဆို လက်ဖက်ရည်ဆိုင်ကို စက်ဘီးကိုယ်စီနဲ့ထွက်ကြသလို မိန်းခလေးများ ညနေတိုင် စာအုပ်ဆိုင် ကက်ဆက်ခွေအငှားဆိုင်တွေကို ထွက်ကြသလိုပေါ့။ ဒါမျိုးတွေက နယ်မြို့တွေမှာ နေခဲ့ဖူးတဲ့လူတွေဘဲ ခံစားနိုင်ကြမယ်ထင်တယ်။ တခြားနယ်မှာ ကျောင်းသွားတက်တော့လဲ ညနေတိုင်လျှင် ချစ်ချစ်ကို စက်ဘီးပေါ်တင်ကာ ဟိုဟိုဒီဒီ လေညှင်းခံထွက်တတ်သေးသည်။ ရန်ကုန်မြို့ပေါ်ကလူတွေ ဒါမျိုးမရနိုင်။ (မန်းလေးမှာတော့ ရနိုင်သည် လူပျိုကြီးလာငြင်းမှာစိုးလို့ ကြိုပြောထားရတယ်။)

နယ်မြို့တွေမှာ ညနေတိုင် အဲဒီလိုစက်ဘီးစီး ထွက်ကြပြီဆိုရင် ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးများ ထွက်လာလို့ကတော့ စက်ဘီးလေးစီးပြီး လိုက်စကားပြောကြတာလေးတွေကလဲ ညနေစောင်းများတွင်မှ ဖြစ်တတ်ကြလေသည်။ ကျွန်တော်စက်ဘီးစီးတတ်တဲ့ အရွယ်ရောက်တော့ မြို့ပေါ်မှာနေတာမဟုတ်တော့ ကိုယ့်စက်ရုံဝင်းထဲက အိမ်ယာတွေရှိရာ ရပ်ကွက်ထဲစီးလျှင်စီး မစီးလျှင်ရန်ကုန်-ပြည် ကားလမ်းပေါ် အစီးထွက်ရသည်။ ညနေစောင်း လေညင်းခံရင်း စက်ဘီးစီးရတဲ့ အရသာဟာ ဘာနဲ့မှမလဲနိုင်။ (ညကျလျှင်တော့ စာကျက်ရင်းငိုက်တော့သည်။) ရန်ကုန်က တတ်နိုင်သူများကြတော့ ညနေစောင်းလျှင် ကန်တော်ကြီးစောင်း ကားပတ်မောင်းတာတို့ သန်လျင်တံတားဘက် ကားမောင်းထွက်ကြတာတို့လုပ်ကြသည်။

တချို့များကြတော့လဲ ရန်ကုန်မြစ်ထဲ ညနေစောင်းလျှင် သဘောင်္စီးကာ လေညင်းခံကြသည်။ ဟိုးအရင်ခေတ်ကတော့ သန်လျင်ကိုဘုရားဖူးသွားရင်းနဲ့ သဘောင်္စီးလို့ရသေးသည်။ ရုပ်ရှင်တွေဘာတွေထဲမှာတောင် သဘောင်္စီးရင်း စင်ယော်အစာကျွေးတာတို့ကို ထည့်ရိုက်လိုက်ရမှ ခေတ်မှီသည်။ ခုခေတ်ကြတော့ တိုက်ကြီး(ဥတို)ဘက်မှာရှိတဲ့ သဘာဝစိုက်ခင်းလား အဲဒီဘက်ကို လှေစီးဖို့သွားကြသည်တဲ့။ နောက်ပြီးတော့ ပဲခူးဘက်မှာရှိတဲ့ မိုးယွန်းကြီးအင်းထင်တယ် အဲဒီဘက်ကိုလဲ သွားလို့လှေအပျော်စီးကာ ဆောင်းခိုငှက်တွေ ကြည့်လို့ရသေးသည်။ မြန်မာMTVတွေထဲ တွေ့ဖူးလို့ပါ။ မရောက်ဖူးသေးပါဘူး။ ကလေးဘဝတုန်းက ရန်ကုန်အလည်လာရင် အမျိုးတွေအိမ်မှာတည်းတဲ့အခါ သူတို့ကိစ္စရှိလို့ အပြင်သွားစရာရှိရင် ကျွန်တော်အမြဲလိုက်တယ်။ ကားလျှောက်စီးရလို့လေ။ ရန်ကုန်မြို့ထဲ သူတို့သွားတဲ့နေရာလေးတွေ လိုက်ကြည့်လို့ရတာပေါ့။

ခုတော့စင်ကာပူရောက်လို့နေသည်။ ဟော သူတို့ကမြစ်လို့ခေါ်တဲ့ မြောင်းသာသာ ချောင်းကလေးထဲမှာ မော်တော်စီးမလား၊ အမိုးဖွင့်ထားတဲ့ ဘတ်စ်ကားကို အပေါ်ထပ်ကနေစီးပြီး စင်ကာပူရဲ့ အလှကို လိုက်ကြည့်မလား။ ဆင်တိုဆာသွားရင်း ကောင်းကင်ကြိုးကနေသွားတဲ့ ကားစီးမလား။ ခုနေများတတ်နိုင်ရင် လန်ဒန်မှာရှိတဲ့ ရဟတ်လိုဟာကြီးစီးမလား။ အပျင်းပြေ အပျော်စီးတွေ အများကြီးဖြစ်ပါသည်။ ဒါတွေထဲကမှ ထူးထူးဆန်းဆန်းအနေနဲ့ မိတ်ဆွေတို့ ဓါတ်လှေခါးကို အပျော်စီးဖူးကြပါသလား။ မယုံမရှိပါနှင့် အပျော်စီးစရာ အလွန်ပေါသော စင်ကာပူတွင် ကျွန်ုပ်သည် ဓါတ်လှေခါးကို အပျော်စီးခဲ့ဖူးလေသည်ဆိုပါက အသင်စာဖတ်သူ ရယ်နေမှာသေချာပါသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်ကဖြစ်ပါသည်။ ကျွန်တော်သည် ဂျီတီအိုင်ကျောင်းကလေးပြီးကာစ၊ အင်ဂျင်နီယာ အလုပ်မလုပ်ဘဲ ကွန်ပျူတာကုပ္မဏီတွင် လုပ်ကိုင်နေရင်း လစာကလဲ အဲဒီတုန်းက ဆီဒိုးနားဟော်တယ်ကြီးဆောက်နေစ ကိုယ်နဲ့အတူတူကျောင်းပြီးတဲ့လူတွေ အဲဒီမှာဝင်လုပ်တာတောင် အဲဒီခေတ်က လစာ ၂သောင်းလောက်ရနေချိန်မှာ ကိုယ်ကကွန်ပျူတာကုပ္မဏီမှာ လစာ၆၀၀၀ နဲ့စလုပ်တယ်။ ကိုယ်ကြိုက်တာလုပ်နေရရင် ပျော်နေတဲ့ အချိန်ပေါ့။ အဲဒီလိုနဲ့နေတုန်း စင်ကာပူက သဘောင်္ကျင်းကြီးတစ်ခုက ရန်ကုန်မှာလူလာရှာတယ်။ အင်ဂျင်နီယာတွေ လိုနေတယ်ဆိုလို့ နိုင်ငံခြားသွားရင်ကောင်းမလား စိတ်ပါသွားပြီး အင်တာဗျူးလိုက်တာ နောက်ဆုံးတော့ ဒီရောက်လာခဲ့တယ်ဆိုပါတော့။

နေရတာကတော့ Bukit Batok ဘက်မှာ အလုပ်ကနေ သူ့ဝန်ထမ်းတွေကိုထားတဲ့ အိမ်ယာအကြီးကြီးရှိတယ်။ လုံခြုံရေးတွေနဲ့ ဘီယာအရက် အထဲသွင်းလို့မရဘူး။ ည၁၂ ကျော်ရင် အပြင်ထွက်ခွင့်မပေးတော့ဘူး။ အပြင်ကသူစိမ်းကို အလည်ခေါ်လို့မရဘူး။ အဲဒီလိုနဲ့နေရတာ နောက်တစ်ခန်းမှာ လူက ၆ယောက်လောက်နေရတာဆိုတော့ ကျဉ်းကျပ်တယ်လို့ခံစားရတယ်။ နောက်ပြီး ရန်ကုန်ကိုဖုံးတွေဘာတွေဆက်ချင်ရင်လဲ ကဒ်ကလေးတွေဝယ်ပြီး လမ်းဘေးဖုံးကနေဆက်ရတာ။ အဲဒီအချိန်တုန်းက SterHub ကစပြီးတည်ထောင်တုန်းရှိသေးတယ်။ ဆင်တဲလ်တစ်ခုဘဲရှိသေးတယ်ထင်တယ်။ ကိုယ်တွေကလဲ ဖုံးကိုမကိုင်နိုင်ပါဘူး။ ဆက်စရာလဲမရှိမဟုတ်လား။

ရန်ကုန်ကိုဖုံးဆက်ချင်ရင် ကိုယ့်အိမ်ယာထဲ အောက်ထပ်တွေမှာရှိတဲ့ ကဒ်ဖုန်းလေးတွေမှာ သွားသွားပြောရတယ်။ များသောအားဖြင့် ကုလားတွေ တရုတ်တွေပြောပြောနေတာနဲ့ ဖုန်းတွေက မအားတာများပါတယ်။ ကိုယ်ကလဲ ပုံမှန်ချိန်းထားတဲ့ အခါကျတော့ ရန်ကုန်ကလူတွေ ဖုန်းစောင့်ရတာ မကြာရလေအောင် အချိန်ကိုက်ဖုန်းခေါ်နိုင်ဖို့လိုတယ်လေ။ အဲဒါဆိုကိုယ့်အိမ်ယာထဲမှာ ဖုန်းတွေမအားတော့ဘူးဆို အပြင်ဘက်ထွက်ပြီး ရပ်ကွက်ထဲအိမ်ယာတွေအောက်မှာရှိတဲ့ ဖုန်းအိမ်လေးတွေဆီပြေးရတယ်။ အဲဒီအချိန်တုန်းက လူတွေကလဲ လစာကများများရတာလဲမဟုတ်၊ တပါတ်မှာ ၇ရက်လုံးလုပ်ပါမှ လစာလေး၁၀၀၀ကျော်လောက်ထွက်တာဆိုတော့ နားရက်ကိုမရှိသလောက်ဘဲ။ မှတ်မှတ်ရရ အဲဒီတုန်းက တစ်လကို ငွေလွှဲနှုန်း ၂၀၀ကျပ် ရတယ်ဆိုတာ တော်တော်များတဲ့လဗျ။ ဆိုတော့ ဖုန်းတွေဘာတွေဆက်ပြီးရင် အိမ်ကိုလဲမပြန်ချင်သေးရင် စိတ်ပြေလက်ပျောက်သဘောပေါ့ အဲဒီမှာတွေ့တာဘဲ။ ဓါတ်လှေကားဗျာ သိပ်စီးကြည့်ချင်တာဘဲ။ ရန်ကုန်မှာကလဲ ရွှေတိဂုံဘုရားမှာလောက်သာ စီးနိုင်တာဆိုတော့ ဒီကဓါတ်လှေကားတွေမြင်ရင် စီးကြည့်ချင်တာ တားလို့မရဘူး။ စက်လှေကားနဲ့မတူဘူးဗျ။ စက်လှေကားကတော့ ဈေးဝယ်ထွက်ရင်တို့ မြို့ထဲထွက်လည်ဖြစ်ရင်တို့မှာ ရထားဘူတာတို့မှာ စီးနိုင်တာကိုး။ ဒီလိုနဲ့တစ်ရက် လူရှင်းတုန်း ဓါတ်လှေကားထဲဝင်ပြီး စီးကြည့်ဖို့ပြင်တော့တာဘဲ။

အထပ်တွေကလဲ တော်တော်မြင့်တယ်ဗျ အထပ်၂၀တို့ အထပ်၃၀တို့ဆိုတော့ တော်တော်စီးလို့ကောင်းတယ်။ တစ်ချို့ဆို  အမြန်တက်ကြတာဆိုတော့ အိုဘာပြောကောင်းမလဲ သိမ့်ခနဲ့အေးခနဲနဲ့ အပေါ်ရောက်သွားတာဘဲ။ အပေါ်ရောက်ရင် မယောင်မလည်နဲ့ ဝရန်တာကနေလဲ အောက်ငုံ့ကြည့်သေးတာဗျ။ ကျွန်တော့အတွက်တော့ တော်တော်အပျင်းပြေ စိတ်လက်ကြည်နူးစရာလေးပါဘဲ။ အဲဒါစီးလို့အားရရင် အိမ်ပြန်အိပ်တာဘဲ။ ခုနေများ စဉ်းစားကြည့်ရင် တော်တော်အူကြောင်ကြောင်နိုင်တယ်နော်။ မတော်အိမ်တွေထဲက မသကာင်္လို့ဆိုပြီး ရဲလှမ်းခေါ်လိုက်ရင် တစ်ဒုက္ခ။ ခုတော့လဲ ဓါတ်လှေကား အမုန်းစီးရလွန်းလို့ တစ်ခါတစ်လေ ၁၁ထပ်ကို ဒီအတိုင်းလမ်းလျှောက်တက်လိုက်သေးတယ်။ ကျမ်းမာရေးဆိုပြီးတော့။ လူတွေဟာ ကိုယ်စိတ်ကျေနပ်တာလုပ်နေရရင် စိတ်တော့ချမ်းသာနေကြတာပါဘဲနော်။

နောက်ဆက်တွဲ။ ။ ၂၀၀၀ခုနှစ်လောက်ကြတော့ ဘယ်လိုမှ မပျော်ပိုက်တော့တာနဲ့ ရန်ကုန်ပြန်လာပြီး ကျောင်းဆက်တက်၊ အရင်ကွန်ပျူတာကုပ္မဏီမှာဘဲပြန်လုပ်ရင်း ကိုယ်စိတ်ပျော်ရာအလုပ်မှာဘဲ ပြန်ဇောက်ချခဲ့ပါတယ်။

Tags : ,
17,981 views