Going Camping

အလုပ်အသစ်ပြောင်းပြီးကထဲက မအားလိုက်တာ မနားလိုက်ရတာတွေ များနေတော့ လူကတော်တော်လေး လွတ်လွတ်လပ်လပ် နားလိုက်ချင်နေတယ်။ ပုံမှန်ရုံးပိတ်ရက်တွေဆိုရင်လဲ အင်္ဂလိပ်စာလေ့လာရတာနဲ့၊ ဘလော့လိုက်ဖတ်တာနဲ့ ဖိုရမ်ကိစ္စတွေနဲ့မအားလပ် နဲနဲအားပြန်ရင်လဲ တီဗွီထိုင်ကြည့်နေတာလောက်နဲ့ဘဲ အပန်းဖြေနေရတော့ လူကညီးစီစီဖြစ်လာတယ်။ မျက်စိကိုသေသေချာချာ အနားပေးချင်နေတယ်။ ဟိုအရင်ကဆိုရင် စနေတစ်ရက်ကို ကလေးတစ်ယောက်ကို စာသင်ပေးရသေးတော့ သူ့သင်ဖို့စာကလဲဖတ်ရသေးတယ်။ နောက်အားပြန်ရင်လဲ တီဗွီကအစီအစဉ်တွေ အကုန်လျှောက်ကြည့်နေတာဆိုတော့ မျက်စိကို အိပ်မှဘဲ အနားပေးရသလိုဖြစ်နေတယ်။ ဒီလိုနဲ့ဘဲ ခုလိုစီစဉ်ဖြစ်သွားတယ်။

Going Campingစင်ကာပူမှာနေတာ သုံးနှစ်ပြည့်တော့မယ် ပင်လယ်ကမ်းစပ်မှာ ညအိပ်တစ်ခါမှ မသွားဖူးသေးဘူး။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၃ လလောက်ကထဲက ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဈေးတွေလျှော့တဲ့ အခါမယ် မှတ်မှတ်ရရ Camping ထွက်ရင်သုံးတဲ့ တဲမျိုးကိုတွေ့တာနဲ့ ဝယ်ထားလိုက်တယ်။ အဲဒီလိုနဲ့ တရုတ်နှစ်ကူးရုံးရက်ရှည်ပိတ်မှာကိုသိထားတော့ နီးစပ်ရာ သူငယ်ချင်းများနဲ့တိုင်ပင်ကာ ကြိုတင် အစီအစဉ်ဆွဲပါတယ်။ ပထမတော့ လေဘတကြီးနဲ့ သောကြာညနေ (၂၃) ရက်နေ့မှာ သွားပြီးညအိပ်မယ်ပေါ့ ရုံးပိတ်ရက်စတာနဲ့သွားမယ် နောက်နေ့တွေမှာ တခြားအစီအစဉ်တွေ လုပ်ကြမယ်ဆိုပြီး စိတ်ကူးခဲ့ပေမယ့် ကမ်းခြေမှာ ကြားရက်ညအိပ်မယ်ဆို ခွင့်တောင်းရဦးမယ် ဆိုတာနဲ့ စိတ်ကူးကိုဖျက် စနေညမှဘဲသွားကြဖို့ စီစဉ်လိုက်တယ်။ နှစ်ပါတ်အလိုလောက်ကထဲက အကင် ကင်စားဖို့ ကမ်းခြေက အကင်မီးဖိုကို အင်တာနက်ကနေ ကြိုတင်စာရင်းပေးတာတောင် မရတော့ပါဘူးတဲ့။ ဒါနဲ့ဘဲ အကင် ကင်စားဖို့အစီအစဉ်ကိုလဲ လက်လျှော့ခဲ့ရပါတယ်။ အဲဒါနဲ့ဘဲ အတူလိုက်ကြမယ့် သူငယ်ချင်းများ တစ်ယောက်တစ်မျိုး ကိုယ်တိုင်စီစဉ်လို့ဘဲ ဖြစ်ဖြစ် ဝယ်လာလို့ဘဲ ဖြစ်ဖြစ် စားစရာ တစ်ခုခုစီစဉ်ခဲ့ကြဆိုပြီး တိုင်ပင်လိုက်ကြတယ်။ ကျွန်တော်နဲ့ မဒမ်ကတော့ ဝက်နဲ့ရိုးကင်ရယ် ကြက်ကင်ရယ် ဝယ်သွားခဲ့ကြပါတယ်။

ဒီလိုနဲ့ ကျွန်တော်ရယ် မဒမ်ဒီဘီရယ် နောက်သူငယ်ချင်းနှစ်ယောက်ရယ် လေးယောက်က တင်ကြိုသွားနှင့်ကြဖို့အတွက် ညနေ ၃ နာရီမှာ Bedok MRT မှာချိန်းကြပြီး အဲဒီကနေမှတဆင့် ကားငှားပြီး သွားကြပါတယ်။ ဘတ်စ်ကား စီးမယ်ဆိုရင်တော့ ၄၀၁ ကိုစီးလို့ရပါတယ်။

area D mapနေရာကိုတော့ ယခင်ကထဲက ကြိုတင်ကြည့်ထားတာရယ် သွားဖူးပြီးသားလူများကို မေးကြည့်ထားတာရယ်နဲ့ ပေါင်းပြီး စားစရာလွယ်လွယ်ဝယ်လို့ရမည့်နေရာ မျက်နှာသစ် ရေချိုးလုပ်လို့ရမည့်နေရာနဲ့ နီးနီးနားနား ဖြစ်မယ့် Area D ကိုဘဲ ရွေးချယ်လိုက်ပါတယ်။ ဟိုရောက်တော့ ညနေ ၃ နာရီခွဲ။ နေရာလိုက်ရှာပြီးတော့ နေပူကျဲတဲမှာဘဲ တဲကိုထိုးလိုက်ပါတယ်။ အရိပ်လိုချင်နေပူကစောင့်ရမယ် မဟုတ်လား။ ဒါပေမယ့် နေကတော်တော်ပူတော့ နေပူကနေတော့ မစောင့်နိုင်ပါဘူး တဲထိုးပြီးသကာလ အရိပ်အောက်ပြန်ဝင်နေပြီး နောက်လာမယ့်လူများကို ထိုင်စောင့်နေတာပေါ့။ ညနေ ၅ နာရီလောက်မှာတော့ လူတော်တော်စုံစုံလင်လင်ရောက်ရှိလို့ လာကြပြီမို့ ပျော်စရာကောင်းလာပါတယ်။

အားလုံးကလဲ အလုပ်များကြတဲ့လူတွေချည်းဆိုတော့ ခုလိုလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး စကားမပြောရတာ၊ မဆုံရတာ  တော်တော်ကြာနေကြတော့ အားရပါးရ စားကြသောက်ကြ ပြောကြဆိုကြနဲ့ပေါ့ဗျာ။ တရုတ်နှစ်ကူးပိတ်ရက်မှာ ကမ်းခြေလာအိပ်ကြတာ မလေးတွေ တော်တော်များပါတယ်။ ကျွန်တော်တို့ အနားမှာတော့ မလေးမိသားစု တော်တော်များပါတယ်။ အဖွဲ့ကလဲ တော်တော်တောင့်ကြပါတယ်။ တစ်စု တစ်စုကို လူနှစ်ဆယ်လောက်ရှိပါမယ်။ ကျွန်တော်တို့အနားမှာ တဲတွေက သိပ်အနီးကပ်ကြီးမဟုတ်တော့ ဆူညံမနေကြပါဘူး။ ပင်လယ်ကလာတဲ့လေကိုရှုရတာဟာ တော်တော်ကိုစိတ်ပေါ့ပါးသွားစေပါတယ်။ နောက်လှိုင်းသံတွေနားထောင်တယ်။ ပင်လယ်ထဲမှာတော့ ရေပေါ်မြို့တစ်မြို့အလား ထင်မှတ်မှားရလောက်အောင် ပင်လယ်ကူးသဘောင်္တွေရဲ့ မီးတွေနဲ့ လင်းထိန်နေပါတယ်။ အဲဒါလေးတစ်ခုဘဲ အပြစ်ပြောစရာရှိတယ်။ ချောင်းသာလိုတော့ လေအားမကောင်းဘူးဗျ။

ကျွန်တော်တို့ စုစုပေါင်း တဲလေးလုံးထိုးကြတယ်။ ကျွန်တော်ကတော့ အိပ်ဖို့လာတာဖြစ်တဲ့အတွက် ည ၁၂ နာရီကျော်တာနဲ့ လှိုင်းသံနားထောင်ရင်း အိပ်ဖို့ကြိုးစားပါတယ်။ တစ်ချို့လဲ စကားဆက်ပြောကြတယ်။ ကျွန်တော် တော်တော်နဲ့ အိပ်မပျော်ဘူးဗျ။ မနက် ၆နာရီလောက်မှာ မိုးဖွဲလေးနဲနဲကျလာတာနဲ့ တစ်ချို့နိုးလာရင်း ကျွန်တော်အိပ်ယာထလိုက်တယ်။ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးတော့ ၇ နာရီလောက်ရှိနေပြီ။ သူငယ်ချင်းနောက်တစ်ယောက်နဲ့ ရေထဲဆင်းဖို့စိုင်းပြင်းကြတယ်။ ဘေးနားက တဲက မလေးအဖွဲ့က လေးယောက်လောက်တော့ ရေထဲရောက်နေပြီ။ ၇နာရီခွဲမှာတော့ မရတော့ဘူး ကျွန်တော်တို့ ရေထဲရောက်ကုန်ကြပြီ။ ၉ နာရီထိုးတဲ့အထိ မနားမနေ ရေဆော့ကြတယ်။ တော်တော်လေး စိတ်လက်ပေါ့ပါးသွားတဲ့ မနက်ခင်းပါဘဲ။

တနင်္ဂနွေမှာတော့ ပင်ပန်းလာတာတွေအတွက်နေ့လည်မှာ အိမ်ပြန်နားကြတယ်။ အမှန်က ညနေအထိဆက်နေရင် ကောင်းမှာဖြစ်ပေမယ့် တချို့လဲ တခြား အစီအစဉ်တွေရှိနေတာရယ် မိုးကလဲ ရွာမလိုလို ဖြစ်နေတာရယ်နဲ့ အိမ်ပြန်လာခဲ့ကြတော့တယ်။ နောက်နေ့အတွက် အစီအစဉ်တစ်ခုကလဲ ရှိနေသေးတယ်လေ။ ကျွန်တော်တို့ HSBC Tree Top Walk ကိုသွားကြဖို့ အားမွေးရဦးမယ်မဟုတ်လား။

တိုပါးရိုးနေဘော်ဒါတစ်ဘွေမှ သူ့အိမ်နှင့်နီးသည်ဟုဆိုလာသဖြင့် သူ့အိမ်ကိုစုရပ်လုပ်ကာ ၂၆ ရက်နေ့တွင် ထိုသစ်ပင်ထိပ်ဖြားတက်ရေး ကိစ္စလုံးပန်းကြပြန်သည်။ သူ့အိမ်မှ ဘတ်စ်ကား ငါးမှတ်တိုင်လောက်စီးပြီးသကာလ MacRitChie Reservoir Park ကိုရောက်သည်။ ထိုမှစ၍ စတင်တောတိုးကြပါတော့သည်။ အဲ တောလမ်းလျှောက်တာပြောခြင်းဖြစ်ပါသည်။ ပုံတွင်မြင်ရသော တောလမ်းအတိုင်း သွားကြရတာဖြစ်ပါသည်။ ကျိုက်ထီးရိုး တောလမ်းလိုတော့ ဆွတ်ပျံ့ကြည်နူးဖွယ်မကောင်းပါ သို့သော် စင်ကာပူလို မြို့ပြမျိုးတွင် ဒီလိုနေရာမျိုးရှိနေခြင်းကိုတော့ သဘောကျမိပါသည်။ တောရိပ်တောင်ရိပ် အမှန်တကယ် ခံစားလို့ရသည် အကောင်လေးတွေ အော်သံမျိုးစုံကို သင်ကြားရမည်။ နက္ခတ္တရောင်ခြည်ထဲမှ နွယ်လိမ်များ နွယ်ခွေများ ကိုသင်မြင်ရမည်။ နားနားနေနေလျှောက်တာတောင်မှ ကြာတော့တော်တော်မောပါသည်။ ထိုနေရာကိုလာ၍ အပြေးလေ့ကျင့်ခန်း လုပ်သူများပင် ရှိသေးသည်။ ကျိုက်ထီးရိုးလို လူတွေမများခြင်းကလဲ တောထဲတွင်သွားနေရသော ခံစားမှုမျိုးကို အမှန်တစ်ကယ် ခံစားရစေသည်။

location mapအဲဒီလိုနဲ့ အေးအေးဆေးဆေး စကားလေးတပြောပြောနဲ့ လျှောက်လာလိုက်တာ နှစ်နာရီလောက် ရှိတဲ့အခါမယ် နားနေစခန်းတစ်ခုကိုရောက်ပါတယ်။ မျောက်ကလေးတွေလဲ ရှိသဗျ။ ခဏတစ်ဖြုတ်နားကြ ဖြည့်စရာရှိတာဖြည့် လျှော့စရာရှိတာများ လျှော့ပြီးသကာလ သစ်ပင်ထိပ်ဖျားထက် ရောက်ရန် သိပ်မလိုတော့ပြီမို့ ခရီးဆက်ကြပြန်ပါတယ်။ အဲဒီနေရာနားမယ် သစ်သားတံတားလေးတွေ သစ်သားလှေခါးလေးတွေနဲ့ လျှောက်လမ်းတွေကို အလှဆင်ထားတာကြောင့် ကျွန်တော်ကတော့ ပုပ္ပါးတောင်မကြီးပေါ်က အပန်းဖြေစခန်းနဲ့ မေမြို့ရုက္ခဗေဒဥယာဉ်က ရွှံ့ညွံ့တော ဆိုတာကိုဘဲ မျက်စိထဲ ပြန်ပြန်မြင်နေတော့တာဘဲ။ လေကတော့ တော်တော်တိုက်တဲ့နေရာပါဘဲ။ မြို့ပြထဲကနေ ဒီလိုတောထဲ တစ်နေရာကို ရောက်အောင်လုပ်ပေးထား သဘာဝကို ထိမ်းသိမ်းပေးထားတာကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။

Tree Top Walk Viewဒီလိုနဲ့ဘဲ အားလုံးမျှော်လင့်စောင့်စားနေတဲ့ HSBC Tree Top Walk ဆိုတဲ့ လှုပ်လီလှုပ်လဲ့ ကြိုးတံတားဆီကို ရောက်ပါတယ်။ လျှိုအသေးစားလေးလိုဖြစ်နေတဲ့ တောင်ကုန်းလေးနှစ်ခုကို ဟိုမှာဘက် ဒီမှာဘက် ကြိုးတံတားတန်းလိုက်သလိုပါဘဲ သိပ်အမြင့်ကြီးတော့ မဟုတ်ပါဘူး။ သို့ပေတဲ့ အသည်းအေးအောင်တော့ လုပ်ဆောင်နိုင်ပါသေးတယ်။ ဓါတ်ပုံတွေရိုက်ကြ အားရအောင် လေရှုကြပြီးတဲ့ အခါမယ်တော့ ကျွန်တော်တို့ ပြန်ကြပါတယ်။ မြေပုံထဲက အတိုင်း တစ်ပါတ်ကြီး ပြန်မပတ်တော့ဘဲ နားနေစခန်းကိုပြန်လာတယ် နောက်တော့ နားနေစခန်းကနေ အနီးဆုံးထွက်ပေါက်ကနေဘဲ ကားလမ်းမပေါ်ကို ပြန်ထွက်ခဲ့ကြပါတော့တယ်။ လမ်းလျှောက်ရတာ ချွေးလေးတစ်စိုစိုနဲ့ အပင်ပန်းကြီး မဟုတ်ပေမယ့် ကြာကြာလျှောက်တဲ့အခါ ဖနောင့်တော့နာလာပါတယ်။ ကိုယ်ကလဲဝိတ်များတာကိုး။ ဒါတောင်တောတိုးရမယ်ဆိုတာသိလို့ ကင်မရာလဲ ပေါ့ပေါ့ပါးပါး အသေးစား၊ ရေဗူး အသေးတစ်လုံး ဘောင်းဘီအိပ်ထဲထည့်လို့ ပေါ့ပေါ့ပါးပါးသွားခဲ့တာပါ။ အပြန်မှာတော့ တိုပါးရိုးက သူငယ်ချင်းအိမ်ပြန်စုကာ သူ့အိမ်မှာဘဲ ရှိတာလေးတွေ ချက်ပြုတ်စားသောက်ကြပါသေးတယ်။ အပြင်မှာလဲ ဘာမှမရှိဘူးလေ။

ဒါလေးကတော့ ကျွန်တော့်ရဲ့ တရုတ်နှစ်ကူးရုံးပိတ်ရက်မှာ အနားယူ အပင်ပန်းဖြေဖြစ်ခဲ့တဲ့ အကြောင်းလေးကို မိတ်ဆွေများ သိသာစေရန် ခရီးသွားမှတ်တမ်းလေး ရေးရခြင်းဖြစ်ပါပေတယ်ခင်ဗျား။

 


508 views

24 Responses to Going Camping

  1. kom says:

    nတီဇက်အေ ကို ပြီးအောင်ဖတ်လိုက်ဦါ်မယ် .ပြန်လာခဲ့မယ်။

  2. kom says:

    nအတော်ဝိတ် ကျသွားမယ် လို့မျော်လင့်တယ်။ အခွေ နှစ်ခွေ ပြိုင်ထွက်သလိုဘဲ။ တိဇက်အေ ပိုစ် ပြီးမှ တက်လာတော့ သေချာ အများကြီး မရေးနိုင်တော့ဘူး။ နောက်ဆိုရင် ညှိပြိး မှ အခွေ ထုတ်ပါ။

  3. မီယာ says:

    rncamping လည်း မသွားဖူးဘူး လမ်းလျှောက်တဲ့နေရာလည်း မရောက်ဖူးဘူး။ သိတောင်မသိဘူး။ ကောင်းလိုက်တာနော် မျက်စိရှင်းနားရှင်း လမ်းသွားလျှောက်စရာနေရာ တစ်နေရာ ရှိတာ။ နောက်တခေါက်ရောက်မှ သွားကြည့်ဦးမယ်။

  4. MrDBA says:

    ရေးနေရင်းနဲ့ အိပ်ချင်လာတယ် .. ဒါနဲ့ဘဲ ဟိုရောက်ဒီရောက်ဖြစ်ကုန်တယ်

  5. MrDBA says:

    သွားပါ သွားပါ ရောက်ဖူးအောင်တော့ သွားသင့်ပါတယ်

  6. မိုးမောင်(happycloud) says:

    ကျနော်လဲ ကမ်းခြေမှာ တခါမှမအိပ်ဖူးသေးဘူး နောင်ကြီး… 8-)

  7. exiter says:

    အားကျတယ်ဗျာ ….
    ညီလဲ ပင်လယ်ကမ်းခြေ ကိုသွားရတဲ့အရသာကိုတော်တော်ကြိုက်တယ်…. ချောင်းသာလောက်ပဲရောက်ဖူးတာ အဟိ :D

  8. MrDBA says:

    စေတန်ကြီးခေါ်ပြီး တစ်ခေါက်ထပ်သွား

  9. MrDBA says:

    လုပ်လိုက်လေ နောက်တစ်ခေါက် ကမိုးမောင်တို့ အိပ်မက်ရှင်ကြီးတို့ ကမိုးကြယ်တို့နဲ့ လစ်ကြမယ် …

  10. MrDBA says:

    ကွန်မန့်ပေးမရဘူးလား၊?

  11. အိပ်မက်ရှင် says:

    ဗျို့ ဆရာ့ အခုပိုစ့်ကို ဖတ်ရတာ ကိုယ်တိုင်လိုက်ပါရသလိုပါပဲ၊ အရေးအသားလည်း ကောင်းတယ်ဗျို့ အားပေးတယ် ၊ အားပေးတယ်။ ကျွန်တော်ကတော့ ဆန်တိုစာမှာ ညအိပ်ဖူးသဗျ၊ ခက်တာက ဆန်တိုဆာမှာ ည ၁၁ နာရီကျော်ရင် တဲပေးမထိုးဘူးဗျ၊ ဒီအတိုင်း မျှော်စင်ပေါ် အခင်းပဲ ခင်းပြီး အိပ်ရတယ်၊ ဟိုတစ်နေ့က ချန်ဂီကမ်းခြေသွားလိုက်တာ လေတအားတိုက်တာနဲ့ လေစိမ်းမိပြီး ဖျားပါလေရော၊ ဘောလုံးကန်၊ ရေကူး အသားကုန်ဆော့တာလည်း ပါမယ်ထင်ရဲ့ လူလည်း ဖျားလေတော့ သတည်းပေါ့ … ကျွန်တော် လာမယ့် ရှစ်ရက်နေ့ကို စိန့်ကျွန်းသွားဖို့ အစီအစဉ်တစ်ခုတော့ လုပ်နေတယ် ဖြစ်မဖြစ်ကတော့ နီးမှ ပဲ လှမ်း ပြီး ပြောလိုက်တော့မယ် ဆရာ …

  12. MrDBA says:

    လုပ်ပါဦး လုပ်ပါဦး အဲဒီကျွန်းလဲ နာမည်ကြားဘူးပြီး မရောက်သေးဘူး

  13. သန္တာ says:

    သမီးတို့က Tree Top Walk ကို sunday ကသွားတာ။ အရမ်းပင်ပန်းတယ် ။ ခြေထောက်တွေအရမ်းနာတယ် ။ East Coast မှာ ညမအိပ်ဘူးသေးဘူး သူငယ်ချင်းတွေခေါ်ပြီး သွားအိပ်ဦးမယ်။

  14. Su says:

    hehehe
    i’d like to see the fotos of u playing water :-D

  15.ိမိုးကြယ် says:

    သစ်ပင်ထိပ်ဖျားတော့လမ်းလျှောက်ဖူးတယ်.. နောက်ဘယ်သွားစရာရှိသေးလည်း.. ရှိရင်ကြေးနန်းရိုက်လိုက်ပါဦး.. :)
     
    ခင်မင်လေးစားလျက်
    မိုးကြယ်

  16. uranus.saturn says:

    ကျွန်တော်တို့က Pulau Ubin ကျွန်းကို သွားဖြစ်တယ်ဗျ။ အဲဒီမှာက သာကေတကို ပြန်ရောက်သွားသလိုပဲ။ :D တကယ်စိတ်ချမ်းသာတယ်။ ကုန်ကျစရိတ်လည်း နည်းတယ်။ တစ်ကျွန်းလုံး စက်ဘီးပတ်စီးပြီး အားရပါးရ stress လျှော့ခဲ့ပါကြောင်း၊ အခုတော့ East Coast မှာ Week Days ညအိပ်ဖို့ ခွင့်တောင်းရတဲ့ အချက်ကို သိသွားပြီဆိုတော့ Week-end တွေအတွက် အကြံကောင်းရသွားပါကြောင်း။  ကိုကြီး DB ရေ။

  17. လင်းဦး(စိတ်ပညာ) says:

    တော်တော်ပျော်ဖို့ကောင်းမှာပါဗျို့….. ဘာပဲဖြစ်ဖြစ် စိတ်ပင်ပန်းမှုတွေအတွက် ကောင်းတာပါပဲ 8-)

  18. Melody Maung says:

    ပွဲကြီးပွဲကောင်းလွတ်သွားသလိုပါပဲ
    ဖတ်ရတာတောင် ပျော်ဖို့ကောင်းတယ်
    ပုံတွေပြဦးလေဗျာ ကြည့်ချင်လို့ဆို
    နောက်တစ်ခေါက် ကမိုးမောင်တို့ အိပ်မက်ရှင်ကြီးတို့ ကမိုးကြယ်တို့နဲ့ လစ်ဖြစ်မယ်ဆိုရင်တော့ သေချာလိုက်ဖို့ကြိုးစားမယ်ဗျို
     

  19. GreenGirl says:

    အဲ့ဒီလိုမျိုး Beachမှာ တစ်ခါမှ မအိပ်ဖူးဘူး။ မအိပ်ရဲတာရော… မိဘအိမ်မှာသာဆိုရင် ပေးအိပ်မှာမဟုတ်ဖူးလို့ တွေးမိလိုက်တာရောနဲ့ပဲ ဘယ်တော့မှ အိပ်ဖြစ်မှာလည်း ဟုတ်တော့ဖူးထင်ပါတယ် အစ်ကိုရာ…

  20. GreenGirl says:

    ပန်းရောင်နဲ့က GreenGirlပါ :P

  21. MrDBA says:

    ဘုန်းကြီးကျောင်းမှာ တွေ့ဖူးတယ်ထင်တာဘဲ .. မကြာမကြာရောက်တယ်မဟုတ်လား :)

  22. တောင်ငူသား says:

    အဲဒီ ခေါ်ရခက်တဲ့ ရီဆာဗာပေါ့။ ဒီရောက်ကာစက အရင်ရောက်နှင့်တဲ့ သူငယ်ချင်းက တောထဲလိုက်ပို့မယ်တဲ့။ မျောက်တွေ၊ ဖွတ်တွေရှိတယ်လို့ဆိုတော့ စိတ်ထဲဆက်ထင်လိုက်တာက သမင်၊ ယုန် ဘာညာစတဲ့ အခြားတောကောင်တွေလည်း ရှိမှာပဲဆိုပြီး စိတ်ဝင်တစားနဲ့ လိုက်သွားတယ်။ ဟိုရောက်တော့ လား.. လား… တကယ်ကို မျောက်နဲ့ ဖွတ်ပဲ မြင်ရတယ်။ ပိုတာဆိုလို့ လိပ်နဲ့ ငါးပဲရှိတယ်။
    ဒါပေမယ့် မိုးတွေအရမ်းရွာလာတော့ တောထဲမှာ လန့်ဖို့ကောင်းတဲ့ကြားက ပျော်စရာတစ်မျိုးပဲး)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook