ဒါဏ်ရာများနဲ့မြို့

လေဆိပ်အပြင်ရောက်တော့ ပူလိုက်တာဟာ နံနက် ၁၀ နာရီနေလို့မထင်ရလောက်အောင်ပူတယ်။ ကျွန်တော့် ကိုယ်ပေါ်က အဆီတွေ ပွက်ပွက်ဆူလာတော့မှာထင်ပါရဲ့။ MZ ဘော်ဒါများကို နှုတ်ဆက် အဖေ့ကားပေါ်တက် ရှေ့ဆက်ထွက်တော့ သတိထားလိုက်မိတာ ကား ဒက်ရှဘုတ်ပေါ်က အရင်ကဆို တောင်းစားသူများရဲ့ ခွက်ထဲမှာလောက်သာ မြင်ရတတ်တဲ့ တော်တော်စုတ်တဲ့ ၁၀၀ တန်အစုတ်ကလေးတစ်ရွက်။ ဒါတောင် တော်တော်ရှား ဆိုဘဲ။

ရန်ကုန် ပြည်လမ်းပေါ်က ချိုင့်ခွက်များဟာ အရင်ကထက်ပိုများလာတာ သေချာတယ်။ မိုးတွင်းမို့ ဖြစ်တာနေမှာလို့ ပြန်တွေးလိုက်သေးတယ်။ နောက်တော့ မနေနိုင်တော့လို့ ပါးစပ်က အသံထွက်သွားတော့ "ဒီလိုပါဘဲကွာ ကြာပါပြီ" လို့ အဖေ့ဆီက စိတ်ပျက်ငြီးငွေ့သံနဲ့ ပြန်ဖြေတယ်။ မြန်မာပြည်ကလူများဟာ ဆပ်ကပ် အတတ်ပညာကို အလုပ်သင်တတ်မြောက်နေကြပုံဘဲ ကားလမ်းမပေါ်မှာ ဖင်လေး လိမ်ကောက်ပြီး သွားနေကြတာ အသည်းယားမိပါရဲ့။ လူများမှ မဟုတ်ပါဘူး သွားနေသော ကားများဟာလည်း အချက်ပြမီးကို ချွေတာကြပုံရတယ် လက်ကလေးတွေ တပြပြနဲ့ အပေးအယူလုပ်ပြီး ဟိုကျော် ဒီကျော် လုပ်ကြတယ်။

ပြောင်တလင်းခါနေတဲ့ လှည်းတန်းနားက တက္ကသိုလ်ဝင်းကြီးရယ် စိတ်မကောင်းလိုက်တာကွယ်။ ပြောင်တလင်းခါနေတဲ့ ပြည်သူ့ဥယာဉ် ပန်းခြံမြင်ပြန်တော့လဲ အကာအကွယ်မဲ့ရှာတော့မယ့် အတွဲများ ကိုလဲပြေးမြင်မိပြန်သေးတယ်။ ကျွန်တော်ဖြင့် လူတွေ အတွဲလိုက် အပြုံလိုက် ကြိုက်သလို လမ်းကူးကြတာကို နောက်တော့ သဘောတောင် ကျလာသေးတယ်။ အဖေကတော့ ပြောပါတယ် ကားမောင်းရတာ ကားကြည့် လူကြည့်နဲ့ ပင်ပန်းကြောင်းပေါ့။

ဒီလိုနဲ့ စိတ်ရှည်လက်ရှည်ထားကာ မောင်းလာရင်းနဲ့ အမေ့အိမ်ကို ရောက်ပါတော့တယ်။ အဖေနဲ့ အမေဟာ နှစ်ယောက်ထဲ ဘယ်လောက် ပျင်းနေလိုက်မလဲ ကျွန်တော်မရှိတဲ့ ဒီ ၂နှစ်မှာ။

ရောက်ပြီးခဏမှာ ညနေစင်ကာပူကိုပြန်မယ့် အွန်လိုင်းသူငယ်ချင်းတစ်ယောက်ဆီကို အမြန်ဖုံးဆက်လိုက်ရသေးတယ်။ သူနဲ့ ကျွန်တော်ကတော့ အ၀င်အထွက်ပါဘဲ။

2,844 views