ဘာစားကြလဲ မောင်ရေခဲ

မြန်မာပြည်မှ လူများနှင့် ဂျီတော့တွင်တွေ့လျှင် နောက် အမျိုးအဆွေတွေနှင့် တယ်လီဖုန်းစကားပြောကြလျှင် အမြဲမေးကြသော မေးခွန်းရှိပါသည်။ "ဟဲ့ နင်တို့ဘာတွေစားကြသတုန်း" ဟူ၏။ ဂျီတော့တွင် ထမင်းသွားစားနေသည်ဟု status message လေးပေးထားတုန်း လူတွေ့သွားလို့ ပြန်ရောက်လျှင် မေးကြပြန်ပါသည်  "ဘာစားခဲ့လဲ"။ တစ်ခါတလေ ထမင်းစားချိန် မသွားသေးဘဲရှိနေသေးလျှင် ဟိုက ဘော်ဒါက ထမင်းမစားသေးဘူးလား၊ ဆိုလျှင် ကိုယ်က ဒီနေ့ဘာစားရမှန်းမသိဘူးဗျာ .. ဖြေရပြန်သည်။

တစ်ခါတလေ သူတို့ကစကြသေးသည်။ သူတို့တော့ ဒီနေ့ ပဲဟင်းပူပူလေးနှင့် ငါးခြောက်ကြော်လေးနှင့်၊ ငါးပိထောင်းကလေးနှင့် တွယ်လိုက်ဦးမည်။ ခရမ်းချဉ်သီး ငပိချက်နှင့် အတို့အမြှတ်အစုံလေးနှင့် လွေးလိုက်ဦးမည်.. စသဖြင့် သူများ ဘာစားရမှန်းမသိသော နေ့များတွင် အစားအသောက်များ ပုံဖေါ်၍ ဒုက္ခပေးကြသည်။ တစ်ယောက်များဆို မနက်ခင်း ရုံးရောက်လို့ ရုံးအီးမေးလေး စစ်နေတုန်းရှိသေးတယ် ကိုကိုဒီဘီ မနက်စာစားပါဦးဆိုပြီး ဂျီတော့ကနေ သူစားနေတဲ့ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီကို ဓါတ်ပုံရိုက်ပြီး ပို့လာသေးတယ်။ နောက်တစ်ယောက်များကြတော့လဲ ဒီနေ့သူ့မိန်းမ ကိုရီးယား အချက်အပြုတ် စာအုပ်ဖတ်ပြီး စမ်းသပ်ချက်ထားတဲ့ ဘာတဲ့ .. ၀က်သား အစပ်ချက်ဆိုတာနဲ့ စားသတဲ့။

စင်ကာပူမှာကတော့ စားတတ်ရင် စားချင်စိတ်ရှိရင် စားစရာတွေပေါပါတယ် အာရှစာလား အနောက်တိုင်းစာလား ဥရောပစာလား အလွယ်စားစာ စားမလား သေသေချာချာ အလှည့်ကျလာချပေးတဲ့ ဟာမျိုးစားမလား။ ဒါပေမယ့်လဲ ကျွန်တော်ကတော့ တစ်နေ့ တစ်နေ့ စားနေကြဟာလေးတွေဘဲ လှည့်ပါတ်စားဖြစ်ပါတယ်။ အဓိကကတော့ နေ့လည်စာပေါ့ဗျာ။ ရုံးနားနီးနီးမှာဘဲ စားဖြစ်ပါတယ်။ ကျွန်တော့် ရုံးက မြို့လည် City Hall နားမှာဆိုတော့ Bugis Junction မှာ စားမလား၊ Raffel City Tower မှာသွားစားမလား၊ အနီးအနားမှာလဲ Shaw Tower တို့ကရှိသေးတယ်၊ ကျွန်တော့ရုံးရှိရာ လမ်းထဲမှာကိုဘဲ စားသောက်ဆိုင်တွေက အတော်များတယ်။ ပြောရရင် စားသောက်ဆိုင် လမ်းထဲမှာ ရုံးလာဖွင့်နေသလိုဘဲ။

Hainanese Chicken Rice တောင်တောင်အီအီ မစဉ်းစားချင်ရင်တော့ လွယ်လွယ်ကူကူ Hainanese Chicken Rice (ကြက်ဆီထမင်း) ဆိုတာဘဲ စားဖြစ်ပါတယ်။ ဒီမှာတော့ ဘယ်အရပ်က ကြက်ဆီထမင်းကမှ ပိုကောင်းတယ် ဘယ်အရပ်က ဟာကမှ ပိုပြီး အရသာ ရှိတယ်ဆိုပြီး သေသေချာချာသိသူများ က တကူးတကသွားစားကြပြီး ကျွန်တော်ကတော့ ကြုံရာ ဟော်ကာ က ကြက်ဆီထမင်းဆိုလဲ ဗိုက်တော့ ပြည့်တာဘဲမို့ ကြုံရာနေရမှာ မညီးမညူစားပါသည်။ တခါတလေများ သေသေချာချာ ဆန္ဒရှိလို့ကတော့ အသည်းအမြစ်ကလေးပါ ထည့်ပြီးစားပါသေးသည်။

တစ်ခါသားတော့ NTUC က Hainanese Chicken Rice ချက်စရာ ပစ္စည်း အစုံပါသော အထုပ်လေးဝယ်ကာ အိမ်မှာလဲ ချက်စားကြည့်ပါသေးသည်။ တနေ့ ရန်ကုန်ပြန်ရင် ကုံးထက်ကို ပြိုင်ပြီး ဖွင့်ရင် ကောင်းမလားပေါ့ စိတ်ကူးယဉ်လိုက်သေးသည်ဘဲ။

 Wanton Mee တစ်ပါတ်လုံးတွင် များများ စားဖြစ်တာကတော့ ခေါက်ဆွဲပြုတ်တွေဖြစ်သည်။ ထမင်းစားပြီးလျှင်လဲ ရုံးမှာ ကွန်ပျူတာရှေ့ ပြန်ထိုင်ရသောကြောင့် ဗိုက်ကယ်ကယ်နေတတ်သဖြင့် လွယ်လွယ် အစာကြေလွယ်သော ခေါက်ဆွဲပြုတ်သာ ကြိုးစားပြီး စားပါသည်။ ခေါက်ဆွဲပြုတ်စားတာ အစာကြေလွယ်သော်လဲ ကျွန်တော့ အစာအိမ်မှာ ကြီးသောကြောင့် ဒီခေါက်ဆွဲလေးနဲ့တော့ ညနေ အထိမခံပါဘူး။ ဒီတော့ ကျွန်တော်က ပွဲကြီးမှာစားလေ့ရှိပါတယ်။ ပွဲကြီးတောင်မှ သိပ်အများကြီး မရပါဘူး။ ဒီဟာလေးကိုတော့ Wanton Mee ဟုခေါ်ပါသည်။  ဒါကတော့ စင်ကာပူတလွှား ဘယ်ခေါက်ဆွဲဆိုင်သွားသွား တွေ့ရမယ့် နာမည်ကြီး Wanton ခေါက်ဆွဲပေါ့ဗျာ။ ထူးဆန်းတာက ဒီလိုခေါက်ဆွဲမျိုးကို ဒီလို ပန်းကန် အနီများနဲ့သာ ထည့်ရောင်းကြပါတယ်။ ဘာလဲတော့ မသိဘူးဗျ။ တချို့ဆိုင်များ တစ်ဆိုင်လုံးမှာ ဒီခေါက်ဆွဲတစ်မျိုးထဲ ရောင်းတာ ရှိသေးသည်။ တရုတ်များကတော့ ဒီခေါက်ဆွဲကို မြတ်မြတ်နိုးနိုးစားကြသည်။ ကျွန်တော်ကတော့ ကိုယ့်ဆီက နန်းကြီးသုတ်လောက် မကြိုက်လှပါ။ သို့သော် များလှစွာသော ခေါက်ဆွဲများထဲမှ ကျွန်တော် စားဖြစ်သော ခေါက်ဆွဲတစ်မျိုးဖြစ်ပါသည်။

နောက်တစ်မျိုးစားဖြစ်တာက Fried Kway Teow။ ရန်ကုန်ကဟာနဲ့ ဆင်ဆင်တူတာ ဆိုရင်တော့ မြိတ်ကတ်ကျေးကိုက်လို့ပြောရမလားဘဲ၊ အကုန်လုံးတော့ မတူပါဘူး။ ခပ်ဆင်ဆင်ပေါ့။ ကိုယ်ကလဲ ရန်ကုန်မှာ ကတည်းက ကတ်ကျေးကိုက် ကို ကြိုက်တာဆိုတော့ ဒီမှာလဲ အတော်ဘဲ။ စကားဖြတ်ပြောရရင် ဒီလို အစား စုံစုံလင်လင်စားဖြစ်တာ ဒီအလုပ်ကို ပြောင်းမှဆိုတော့ တစ်နှစ်ကျော်ကျော်ဘဲရှိသေးတယ်။ ပထမလုပ်တဲ့ အလုပ်ကဒီလိုဆိုင်တွေနဲ့လဲ ဝေးတယ်၊ ရုံးဝင်း အတွင်းမှာဘဲ စားသောက်ဆိုင်တန်းတွေ ရှိတော့ အထဲမှာဘဲ အလွယ်စားဖြစ်တယ်။ တစ်နှစ်လုံး အလှည့်ကျစားလာတာကတော့ ငါးစွပ်ပြုတ်ရယ်၊ Mixed Rice ရယ်၊ မလေးထမင်းရယ်ပါဘဲ။ ဒီအလုပ်ကိုရောက်တော့ ထမင်းအတူထွက်စားတဲ့ လူတွေက နယ်လှည့် ထမင်းစားနေတဲ့ လူတွေအလား စီးတီးဟော တခွင် စုံအောင်ကို လှည့်ပါတ်စားတော့တာဘဲ။ 

Hor_funနောက်ဆုံး စားနေကြဆိုင်တွေပျင်းလာရင်တောင် ကိုယ့်ကိုလာပြီး မင်းတို့ မြန်မာဆိုင်မှာ သွားစားရအောင်ကွာဆိုပြီး ပြောပြောလာလို့ အင်းလေးကို ခေါ်သွားရတာလဲ သုံး လေးကြိမ်လောက်ရှိပြီ။ ကိုယ်ကလဲ ကတ်ကြေးကိုက်ကို မင်းတို့ Fried Kway Teow လိုမျိုးဘဲဆိုပြီး ပြောကျွေးရသေးတယ်။ ပေါက်ပေါက်ရှာရှာ မေးကြတာက ပစ္စည်းအားလုံး မြန်မာပြည်က လာတာလားဆိုလို့ ရမ်းသမ်းပြီး အေးပေါ့ကွ လို့ ပြောလို့ တစ်ခုချင်းစီကို ဒါလေးကလဲ မြန်မာ ဟိုဟာလေးကလဲ မြန်မာဆိုပြီး စားကြပါလေရော၊ အကြော်စုံထဲမှာပါတဲ့ ဆလတ်ရွက်ကိုတောင် မြန်မာကလာတာလားဆိုတော့ စွတ်ပြောထားပြီးပြီမို့ ဟုတ်တယ်လို့ ပြောလိုက်လို့ သေသေချာချာကြည့်ပြီး မြန်မာ ဆလတ်ဆိုပြီး သေသေချာချာတောင် အရသာခံ ဝါးစားနေကြသေး။

နောက်တစ်ခု စားနေကြကတော့ Sea Food Hor fun ပါတဲ့။ ကျွန်တော်တို့ရုံးနားမှာလဲ ရတယ်၊ မိုးရွာလို့ ဝေးဝေး မသွားဖြစ်ရင်တော့ နီးနီးနားနားဆိုင်ကဘဲ ပူပူနွေးနွေး စားဖြစ်ပါတယ်။ သူကတော့ ချက်ပုံက ဗမာလိုခေါ်ရင်တော့ နန်းပြား(ဆန်ခေါက်ဆွဲပြား) ကို ကော်ရည်ရယ်၊ ငါးရယ်၊ ပုဇွန်ရယ် ပြည်ကြီးငါးရယ် အားလုံးရောပြီး ကျော်ထားတယ်ထင်တာပါဘဲ။ စားလို့တော့ တော်တော်ကောင်းတယ် တစ်ခုဘဲ အခက်အခဲဖြစ်တာက ကျွန်တော်က စားတာမြန်တော့ စိတ်မြန်လက်မြန်ဆိုတော့ တူနဲ့ဆွဲပြီး သွတ်လိုက်တယ်ဆိုရင်ဘဲ ကော်ရည်အစက်တွေက အမြဲ အင်္ကျီကိုစင်တာပါဘဲ။ သူ့ကိုစားရင်တော့ အမြဲ သတိထားပြီး တရားစခန်းဝင်တုန်းက ဆွမ်းဘုန်းပေးသလို အရာရာကို သတိကပ်ပြီး စားရတာပါဘဲ

loh meeနောက်တစ်မျိုးကတော့ Loh Mee လို့ခေါ်တဲ့ ရန်ကုန်အခေါ်တော့ ကော်ရည်ခေါက်ဆွဲပေါ့ဗျာ။ ရန်ကုန်နဲ့နဲနဲလေး ကွဲတာကတော့ သူက ကြက်ဥပြုတ်လေးထည့်ပေးတာပါဘဲ။ အရင်က သူများတွေစားတာကို မြင်ဘူးပေမယ့် ဘယ်လိုခေါ်မှန်းမသိခင်က ဘယ်လိုမှာစားရမှန်းမသိခဲ့ဘူး။ နောက်ပိုင်း ပုံတွေစုံစုံလင်လင်နဲ့ပြထားတဲ့ဆိုင်တွေတွေ့မှ ဘယ်လိုခေါ်မှန်းသိပြီး စမ်းစားကြည့်ရာက ကြိုက်သွားတာပါ။ ရန်ကုန်မှာတုန်းကလဲ ကော်ရည်ခေါက်ဆွဲက ကြိုက်တာဘဲဆိုတော့ သိပ်မစမ်းသပ်လိုက်ပါဘူး။ ရန်ကုန်နဲ့ မတူတာနောက်တစ်ခုက ဒီမှာ ခေါက်ဆွဲတွေစားရင် သူ့အမျိုးအစားနဲ့သူ တွဲဖက်စားရမည့် အချဉ်လေးတွေချပေးတတ်ပါတယ်။ ငရုတ်သီး အစိမ်းအကွင်းလေးတွေကို ရှာလကာရည်စိမ်ထားတဲ့ အချဉ်လား၊ ငရုတ်ချသ်လား၊ ငံပြာရည်ကို ကြက်သွန်ဖြူရောထားတဲ့ အချဉ်လား၊ စသဖြင့် ဆိုင်ရာ ဆိုင်ရာ အချဉ်လေးတွေနဲ့ စားပေးမှ ပိုကောင်းပါတယ်။

ဒီကော်ရည်ခေါက်ဆွဲကတော့ NTUC ဆိုင်မျိုးတွေမှာပါ ဘူးလေးတွေနဲ့ အသင့်စားပုံစံမျိုး ရောင်းချပေးတဲ့အတွက်ကြောင့် ကိုဒီဘီတို့ လွယ်လွယ်ကူကူ အိမ်မှာပါ စားသုံးနေနိုင်ပြီဖြစ်ပါတယ်။ အရင်ကတည်းက ရှိနေလား မရှိနေလားတော့ မသိဘူး ခုနောက်ပိုင်း စားဖြစ်တော့မှ သတိထားမိလာတာပါ။

မိုးအေးတဲ့နေ့မျိုးဆို Yong Tofu ဆိုတာလေးလဲ စားလို့ကောင်းပါတယ်၊ ကျွန်တော်ကတော့ ကျမ်းမာရေးလဲ ညီညွတ်တယ် လတ်လတ်ဆတ်ဆတ်လဲ စားရတယ်ဆိုပြီး စားဖြစ်ပါသေးတယ်။ သူကတော့ ဆိုင်မှာ ဘူဖေးလိုဘဲ မှန်ဗီဒိုလေးထဲမှာ ရနိုင်သော အသီးအရွက် အသားများကို ချပြပေးထားပြီး ကြိုက်ရာကို ရွေးယူလာပေးရပါတယ် မီးဖိုနားရောက်တော့မှ အပြုတ်ဆရာကို ဘယ်လိုစားမယ်ဆိုတဲ့ ပုံစံကို ပြောပြပေးလိုက်ယုံပါဘဲ။ သူက ဆိုင်အနေအထား နေရာအနေအထား ကိုလိုက်လို့ ဈေးနှုန်းက ကွာပါသေးတယ်၊ တစ်မျိုးကို ပြား၄၀၊ ပြား၅၀ ကနေ ပြား ၇၀ တန်အထိ အမျိုးမျိုးရှိပါတယ် တစ်ခါစားရင် အနဲ့ဆုံး ၇ မျိုးတော့ ရွေးပေးရပါတယ်။ အရည်နဲ့ စွတ်ပြုတ်လိုမျိုးရပြီး အရည်ကို သီးသန့် ခွဲထုတ်လို့ ခရမ်းချဉ်ရည် ငရုတ်ရည်များနဲ့ နယ်ဖတ်ပေးလိုက်သော အသုတ်ပုံစံမျိုးလဲရပါတယ်။

Yong Tofu Dryဒါလေးက ခုနကပြောခဲ့တဲ့ အသုတ်ပုံစံလုပ်ပေးထားတဲ့ဟာလေးပါ။ ကျွန်တော်ကတော့ အပြုတ်ရည်ဘဲ အမြဲစားပါတယ်၊ အသုတ်ကို တစ်ခါစားကြည့်ဘူးပါတယ် အရသာက ဗမာသုတ်လို မကောင်းတော့ မကြိုက်ပါဘူး။ အရည်သောက်ကတော့ ဘာဘဲဖြစ်ဖြစ် အပြုတ်အားလုံး ပုံစံအတူတူဘဲမို့ လက်ခံနိုင်လောက်တဲ့ အရသာရှိတဲ့အတွက် စားဖြစ်ပါတယ်။ ကျွန်တော်က နဲနဲဝတော့ ဒီလို ကျမ်းမာရေးနဲ့ ညီညွတ်တဲ့ အပြုတ်မျိုးကို များများ စားသင့်တယ်မဟုတ်လား။

Tehအချိန်လဲရလို့ နားနားနေနေ စကားလဲပြောခြင်ကြသေးရင်တော့ လဘက်ရည်လေးသောက်ကြတာပေါ့ဗျာ။ ရန်ကုန်လဘက်ရည်ကိုတော့ ဘယ်မှီမလဲဗျာ မသိမသာလေး အရသာကွဲတဲ့ လဘက်ရည် အမျိုးအစား နှစ်မျိုး သုံးမျိုးလောက်ဘဲရှိပါတယ်။ ရန်ကုန်မှာလို အမြှတ်ပါတဲ့ လဘက်ရည်ကိုတော့ Teh Terik (တီးတာရက်) လို့ခေါ်သဗျ။ ရန်ကုန်မှာလို တကယ် လေထဲမှာ ဆွဲသဗျ အဟုတ်။ ဒါပေမယ့် ရန်ကုန်က အဖျော်ဆရာတွေ ဆွဲသလောက် လေထဲမှာ လှလှ ပပ မဆွဲနိုင်ကြပါဘူး။ အရသာလဲ မတူပါဘူး၊ ဒါပေမယ့် ရသေ့စိတ်ဖြေပေါ့ဗျာ အမြှုတ်ကလေး သောက်ခြင်ရင်တော့ ဒါလေးဘဲ မှာသောက်ရတာဘဲ။ အံမယ် ဒါတောင် ဆိုင်တိုင်း မရဘူးဆရာ။ ဆွဲတတ်တဲ့ အဖိုးကြီးတွေရောင်းတဲ့ ဆိုင်မျိုးမှရတာ။ နောက်ထပ်သောက်လို့ ကောင်းသေးတဲ့ အမျိုး အစားက Teh C (တေးစီး) သူက နို့စိမ်းလေး ပေါက်ပြီး ဆိမ့်ဆိမ့်လေး သောက်လို့ကောင်းတဲ့ အရသာပါ။ ရန်ကုန်မှာဆိုရင်တော့ ပေါ့ဆိမ့်လို့မှာရမှာပေါ့။ ဒီမှာက ဆိမ့်တာသောက်ခြင်ရင် အဲဒီအမျိုးအစားဘဲ သောက်စရာရှိတယ် ကျန်တာကတော့ ဖန်ခါးခါးတွေဘဲများတယ်။ အညာကလူတွေ သောက်တဲ့ ဖန်ခါး ဆိုတဲ့ အရသာမျိုး၊ ရန်ကုန်ဆိုရင်တော့ ပေါ့ကျ ပေါ့ဗျာ။ Teh Terik က အမြှုတ်ပါပြီး ရိုးရိုး တီးကတော့ အမြှုတ်မပါဘူး ။

ဒါတွေကတော့ ကျွန်တော်ရဲ့ အမြဲ မငြီးမငွေ့စားသုံးနေရပါသော နေ့လည်စာများဖြစ်ပါကြောင်း ရန်ကုန်မှ အမြဲမေးနေကြသော ဘော်ဘော်များ ဆွေမျိုးညီ ညီမများ သိစေအပ်ပါသည် ခင်ဗျား။

 Chin Chinဒါလေးက ရှာရင်း ဖွေရင်းနဲ့ အင်တာနက်မှာ တွေ့တာ ကျွန်တော်တို့ ရုံးနားက သွားသွားစားနေကြ စားသောက်ဆိုင်ပါ။ လိပ်စာလေးပေးလိုက်မယ် ကြုံရင် ၀င်တီးပေါ့ NBL(National Board Library) ကြီးနဲ့နီးတယ်။

Chin Chin Eating House
19 Purvis Street
63374640
7am to 9pm daily

 

ဟူး …. ဒီဆားတစ်အိုးကလဲ ချက်ရတာ ကြာလိုက်တာ။

Tags : ,
15,822 views