ပထမဆုံးဆိုသော အရာများ

ညမီးအိမ် မညှာမတာ တက်ဂ်သွားပါတယ်။ ကျွန်တော်ကလည်း ခုတလော ခွင့်ရက်ရှည်ယူထားတော့ အလုပ်တွေဖြတ်နေရတာနဲ့ ရှေ့က အကြွေးတွေတောင် ကျေအောင်မဆပ်ရသေးတာ။ ဒါပေမယ့်လဲ တက်ဂ်တယ်ဆိုတာကလဲ သူ့အချိန်နဲ့သူရေးရတာဆိုတော့ ရေးဦးမှပါဆိုပြီး ခုလိုရေးလိုက်ရတာပါဘဲ။ တကယ်ဆိုရင်တော့ ကိုယ့်ကို Tag ခံရတာ ၀မ်းသာတယ်ပြောလို့ရသလို မအားတော့ သူ့အချိန်နဲ့သူရေးရတဲ့ ဒီလိုပို့စ်မျိုးကို သေသေချာချာ မရေးနိုင်မှာလဲ စိုးပါတယ်။ အကြွေးတွေများနေမှာစိုးလို့ အိမ်မပြန်ခင် ရသလောက်ရေးလိုက်ပါပြီ။

မူကြို

မူကြိုတက်တော့ မိဘများ အလုပ်လုပ်နေတဲ့ ပဲခူးတိုင်း သာယာဝတီ ပန်းကန်စက် အမှတ်(၂) ရဲ့ ဝန်ထမ်းအိမ်ယာမှာ ဖွင့်တဲ့ မူကြိုကျောင်းပါဘဲ။ ကျွန်တော်တို့ အိမ်ရှေ့တည့်တည့်မှာ ဖြစ်လို့ ကျောင်းသွားရတာ အလွန်အဆင်ပြေပါတယ်။ စက်ရုံကလဲ ဆောက်ပြီးစဆိုတော့ အရာအားလုံးဟာ သစ်လွင်တောက်ပပြီး ပစ္စည်းစုံစုံလင်လင်ရှိလှပါတယ်။ ဒေါ်ဘေတီညာ ဆိုတဲ့ ကရင်ဆရာမလေးက ကလေးများကို ပြုစုစောင့်ရှောက်ပါတယ်။ နိုင်ငံခြားကလဲ အထောက်အပံ့ရတော့ ကစားစရာများကလဲ သူ့ခေတ် သူ့အခါနဲ့တော့ ဆော့လို့ကောင်းတဲ့ ဟာတွေပါဘဲ။ နေ့လည်ဆို မုန့်တခုခု စားရလေ့ရှိပြီး တရေးအိပ်ရပါတယ်။ ခုခေတ်မူကြိုများလိုပါဘဲ ဝန်းနဲ့ခြံနဲ့ဆိုတော့ မြေပြင်မှာ ကစားစရာလေးတွေနဲ့ (ဒန်းကလေးတွေ၊ စီးဆောလေးတွေ၊ လျှောစီးစရာလေးတွေ) ပျော်စရာကောင်းလှပါတယ်။

ကျောင်

ကျောင်းစတက်တော့ သာယာဝတီမြို့ပေါ်က အ.ထ.က(၁) မှာပါ။ အဲဒီကနေ ၁၀ တန်းအောင်တဲ့ အထိနေခဲ့ပါတယ်။ ၁၀တန်းကို ၁၉၉၂ မှာအောင်ခဲ့ပါတယ်။ ပထမတန်းရဲ့ လက်ဦးဆရာကတော့ ဒေါ်မေရီအုန်း ဆိုတဲ့ အတန်းပိုင် ကရင်ဆရာမကြီးပါ။

သူငယ်ချင်း

မိန်းခလေး သူငယ်ချင်းကတော့ မူကြိုတုန်းကထဲက အတူတူတက်ခဲ့တဲ့ စက်မှုရပ်ကွက်ထဲက ဝင့်ဝင့်ဇော်၊ ဖြိုးဖြိုးသက်နဲ့ စီလေးမူဆိုတဲ့ မိန်းခလေးတွေပါဘဲ။ သူတို့နဲ့က ၁၀ တန်းအောင်တဲ့ အထိ အခန်းတူလဲပေါင်း မတူလဲ အပြန်ကျောင်းကားတူတာရယ် ရပ်ကွက်ထဲပြန်ရောက်တော့လဲ ညနေတွေ ဆော့နေကြဆိုတော့ ပြောမနာ ဆိုမနာ ပေါင်းခဲ့ကြတဲ့ မိန်းခလေးသူငယ်ချင်းတွေပါ။ ယောင်္ကျားလေးထဲမှာတော့ နိုင်ထွန်းဆိုတဲ့ တစ်ယောက်နဲ့ ဘော်ဒါရင်းကြီးလို မပေါင်းခဲ့ပေမည့် တူတူဆော့ရင် သူငယ်ချင်းဆိုရင်တော့ သူ့ကို သတ်မှတ်ရမယ်။ တစ်ကယ်တန်း ပြောမနာ ဆိုမနာ သူ့ရှိကိုယ်စား ကိုယ့်ရှိသူစား ယောင်္ကျားလေး သူငယ်ချင်းရတာတော့ ၁၀ တန်းရောက်မှပါ။ (ကြည့်ရတာ မိန်းခလေး ဘော်ဒါ အရင်ရပုံပေါ်တယ်နော်) ၁၀ တန်းရောက်တော့မှ ရတဲ့သူငယ်ချင်းကလဲ အဆန်း။ သူက ဘေးအိမ်ကမိသားစုထဲက တူတစ်ယောက် မန္တလေးကနေ ၁၀ တန်းကျလို့ သူ့အဒေါ်ရှိတဲ့ သာယာဝတီမှာ လာနေရင်း အိမ်ကဘေးချင်းကပ်နေတော့ ခင်သွားတာပါ။ နောက်သူက မန္တလေးကဆိုတော့ သူ့ဒိုင်တွေထဲမှာမြောသွားတာလဲပါမယ်။ သူ့ဆီကနေ ကဗျာရေးနည်းတတ်သွားတယ်၊ ဆေးပေါ့လိပ်ဖွာနည်းတတ်ခဲ့တယ်၊ ကျဆိမ့်သောက်တတ်သွားတယ် (သောက်တတ်တယ်ဆိုတာ တစ်ငုံချင်း ဇိမ်ဆွဲသောက်တာကို ဆိုလိုပါတယ်၊ အရင်ကတော့ သောက်ရင် ဂွတ်ခနဲ့ တစ်ခါ နှစ်ခါသောက်ရင် ကုန်ရော) နောက် ဂျူးဖတ်တတ်သွားတယ် (အမှတ်တရနဲ့ စဖတ်ဖြစ်ခဲ့တယ်)၊ ညီပုလေးကြိုက်တတ်သွားတယ်၊ လူထုတိုက်ဆိုတာကို နားရည်ဝနေခဲ့တယ်၊ ယောနသံဇင်ယော်ဆိုတာ သူ့ကြောင့်ဖတ်ဖြစ်ခဲ့တယ်၊ ခင်မောင်တိုးသီချင်းတွေ စကြိုက်တတ်သွားတယ်။ အများကြီးပါဘဲ သူ့ကြောင့်လူတောင် ကဗျာဆရာဖြစ်ခြင်ခဲ့သေးတယ်။ ခုတော့ မရှိရှာတော့ပါဘူး လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဆုံးပါးသွားခဲ့ပါပြီ။ နာမည်က အောင်ကျော်ဦးပါတဲ့၊ အိမ်နာမည် ပေါင်မုန့်တဲ့ဗျ။

စာအုပ်

ပထမဆုံး စွဲစွဲမြဲမြဲဖတ်တာတော့ ရွှေသွေး၊ တေဇ နဲ့ မိုးသောက်ပန်းစာအုပ်တွေပါဘဲ။ စိတ်မျောက်မျောက်ဟာ ကျွန်တော့် အသည်းစွဲပါ။ နောက်တော့ ဦးစိတ်တိုနဲ့ မျောက်ညို၊ ကာတွန်းသော်က ရဲ့ အရိုင်း။ နောက်တော့ တွေ့သမျှကာတွန်းအကုန်ဖတ်တော့တာဘဲ။ ငယ်ငယ်က တွေ့သမျှအကုန်ဖတ်တယ်။ ငယ်ငယ်ကကြိုက်တာလေးတစ်ခုက သုတစွယ်စုံဂျာနယ်။ ပထမဆုံး ဝတ္ထုစာအုပ်က စောညိုရေးတဲ့ စုံထောက် လျှို့ဝှက်သည်းဖို အပစ်အညှစ်(:P) ကျွန်တော့် အစ်ကိုဖတ်နေတာတွေ့လို့ ဖတ်စရာမရှိတုန်း ကောက်ကိုင်ဖတ်လိုက်တာ စွဲသွားပါရော။ နောက် ကြည်မွေးရဲ့ ဟာသ ဝတ္ထုတွေဆက်ဖတ်တယ်။ နောက် နေလင်းအောင်ရဲ့ အတွဲလိုက်ရေးတဲ့ သိုင်းဝတ္ထုတွေပေါ့။ ငယ်ငယ်က ကံကောင်းတာက စက်ရုံမှာနေရတော့ စက်ရုံစာကြည့်တိုက်ကနေ စာအုပ်တွေအမြဲအမေတို့ ငှားငှားဖတ်နေတော့ ကိုယ်လဲဖတ်ဖြစ်သွားတာပါတယ်။ နောက် ရပ်ကွက်ထဲမှာ စာအုပ်အငှားဆိုင်လေးရှိနေတာ၊ ဆိုင်ရှင်နဲ့ခင်နေတာတွေဟာ စာအုပ်အများကြီးဖတ်ဖြစ်စေခဲ့တယ်၊ ဆိုင်မှာ ထိုင်ဖတ်ရင် အလကားဖတ်ရတယ်။ ကျွန်တော်ကတော့ တစ်ခါတစ်ခါ ထိုင်ဖတ်ရင် နေ့တစ်ဝက်ကုန်တယ်။ ဖတ်စရာမရှိတော့လို့ လျှောက်ရှာရင် ဖတ်မိသွားတဲ့ စာဟောင်းပေဟောင်းကတော့ သိန်းဖေမြင့်ရေးတဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာ စာအုပ်။ အဖေ့မှာ စာအုပ်သေတ္တာရှိတယ် သူလူပျိုကျောင်းသားဘဝက ဝယ်စုထားတာလေးတွေ။ အဲဒါတွေဟာ စာအုပ်အငှားဆိုင်မှာ ဖတ်စရာကုန်တော့ အဖေ့သေတ္တာဖွရင်း ဖတ်မိသွားတဲ့ စာအုပ်တွေပါဘဲ။ ငယ်ငယ်ထဲက ကြိုက်မိတာလေးက ဆရာ သာဓုရေးတဲ့ ချစ်စံနမူ ဆိုတဲ့စာအုပ်လေးပါ။ ငယ်ငယ်ကတော့ ဖတ်ရင်းနားလည်လိုက်တာက မုန့်ဟင်းခါးသည်က သူဌေးသမီးနဲ့ရတဲ့ ဇတ်လမ်းမို့ဖြစ်မယ်ထင်တယ်။ နောက် နဲနဲစဉ်းစားတတ်လာတော့ သူပေးချင်တဲ့ ပညာက သား သမီးတွေကိုဘယ်လိုနားလည်ပေးရမယ် ဆက်ဆံနေရာပေးရမယ် မိဘမေတ္တာ ဆိုတာတွေပါ။

ကက်ဆက်ခွေ

ပထမဆုံး စတင်ပိုင်ဆိုင်သော ကက်ဆက်ခွေကတော့ လက်ရွေးစင် အင်္ဂလိပ်သီချင်းများ စုစည်းမှုပါ၊ နယ်မှာနေတော့ ညပိုင်းရေဒီယိုကလာတဲ့ အင်္ဂလိပ်သီချင်းတွေကိုနားထောင် သီချင်းခေါင်းစဉ် အသေအချာလိုက်မှတ် နောက်ရန်ကုန်ရောက်တော့ ယင်းမာတေးသံသွင်းမှာ စာရင်းပေးပြီး ကူးတဲ့ သီချင်းတွေပါ။ ခုထိ ရန်ကုန်အိမ်က သံသေတ္တာလေးထဲမှာရှိပါသေးတယ်။

မိသားစုခရီး

မိသားစုခရီးထွက်တာတွေထဲမှာ မှတ်မှတ်ရရရှိနေခဲ့တာကတော့ တောင်ကြီး အင်းလေး ခရီးပါဘဲ။ ကျန်တာဘာမှ မမှတ်မိတော့ပေမယ့် ညမှာ တည်းတဲ့အိမ်က ဂျစ်ကားကို တက်ထိုင်ပြီး တဝူးဝူးနဲ့ လက်ကိုင်ကြီးလှည့်လှည့်နေခဲ့တာကိုပါဘဲ။ မှတ်မိတဲ့ မိသားစုခရီးကတော့ စက်ရုံကလိုက်ပို့တဲ့ ကျိုက်ထီးရိုး ဘုရားဖူးပါဘဲ။ စက်ရုံကနေညနေခင်း စက်ရုံပိုင်ဘီအမ်ကား သုံးစင်းနဲ့ ဝန်ထမ်းမိသားစုတွေ ခရီးထွက်ကြတာပါ။ ညကြီးမှာရောက်တယ် ရောက်တာနဲ့ ညတွင်းချင်းတက်ကြတယ် ရေမြောင်ကြီးလား၊ ကင်ပွန်းစခန်းလား မသိပါဘူး ရောက်တော့ ကိုယ့်ခင်ရာခင်ရာ မိသားစုအဖွဲ့တွေစုပြီး လမ်းဘေးမှာ ညအိပ်ကြတယ်၊ စောင်တွေခြုံလို့ပေါ့။ ချမ်းလိုက်တာများဗျာ မပြောပါနဲ့တော့။ အိမ်ကနေ ပေါင်မုန့်တွေ၊ ငါးပိကြော်၊ အမဲကြော်တွေထည့်လာပြီး လမ်းမှာစားကြတာပေါ့။ ကျွန်တော့်အစ်ကို့ အိပ်ထဲမှာ လိမ္မော်သီးတွေ ထည့်ပေးလိုက်တာ သူကလဲ ငိုက်ငိုက် နဲ့လျှောက်လိုက်တာ နားတဲ့နေရာလဲရောက်ရော တစ်လုံးမှကို မကျန်တော့ပါဘူး။ ချမ်းရတဲ့ အထဲသူက အတီးခံလိုက်ရသေးတယ်။

ပထမဦးဆုံး ကိုယ်ပိုင်ဝင်ငွေ

ငယ်ငယ်က လောက်စာလုံး လုံးပြီးရောင်းတာ ၁၀ကျပ် လားရဖူးတယ်။ နာမည်ကြီး ချန်ကြီးဂျင်လို့ခေါ်တဲ့ သစ်အမာစားနဲ့ လုပ်ထားတဲ့ အမဲရောင် ဂျင်တစ်လုံးပြန်ဝယ်တယ်၊ မိုးတွင်း အိမ်ရှေ့ရေမြောင်းထဲ ဆော့ဖို့ ရေနွေးငွေ့နဲ့မောင်းတဲ့ သံဖြူ သဘောင်္တစ်စင်းဝယ်တယ်။

ကိုယ်ပိုင်လုပ်ငန်း

၁၀ တန်းအောင်တော့ အဖေက စိတ်လေမှာစိုးလို့ဆိုပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကွာဆိုပြီး ရန်ကုန် သင်္ကန်းကျွန်းကနေ ဖယောင်းတိုင် လုပ်စက် နှစ်လုံးဝယ်ပေးပြီး ဖယောင်းတိုင် ထုပ်ဖူးတယ်။ အဲဒီအချိန်တုန်းက အုန်းပင်တံဆိပ်က နာမည်အကြီးဆုံးအချိန်ပေါ့။ (ကျွန်တော်တို့လုပ်တာက သာယာဝတီဈေးထဲနဲ့ အနီးအနားရွာတွေလောက် ဖြန့်တာပါ) ကျွန်တော့်ဘာသာ ရန်ကုန်ကို ပန်းကန်တွေသွားပို့တဲ့ စက်ရုံကားနဲ့လိုက်လာတယ် စဥ့်အိုးတန်းမှာ ဖယောင်းဝယ်တယ် ညနေစက်ရုံကားနဲ့ ပြန်လိုက်လာတယ်။ အဲဒီတုန်းက ကျွန်တော့် အစ်ကိုက တက္ကသိုလ်တက်နေပြီဆိုတော့ အိမ်မှာ ကျွန်တော်တစ်ယောက်ထဲ ရှိတော့တဲ့ အချိန်ပေါ့။ ကျွန်တော်တို့ ညီအစ်ကို အိပ်တဲ့ အခန်းထဲမှာ စက်နှစ်လုံး ထည့်တယ် ဖယောင်းကြိုတဲ့ အိုးထားတယ်၊ တစ်နေကုန် ဖယောင်းစက်နင်းနေတော့တာပါဘဲ ညရောက်တော့ မိသားစုသုံးယောက် ဖယောင်းတိုင်တွေ အိပ်သွတ်ရတယ်။ တစ်ပါတ်တစ်ခါ အဖေ့တပည့်တစ်ယောက်က ရွာတွေလိုက်ဖြန့်ပေးတယ်။ သာယာဝတီဈေးထဲ ဈေးသွားစပ်ရင်တော့ အမြဲမျက်နှာငယ်ရပါတယ်။ ဝန်ထမ်းမိသားစုကနေ ပေါက်ဖွားလာတဲ့ အဖေကလဲ ဈေးကွက်ကိုနားမလည်၊ ပညာတတ်ဆိုတဲ့ မာနကလဲရှိသေး သူများလို ခေါက်ပြန်ပေးဆိုတာလဲ မပေးနိုင်ဆိုတော့ ဈေးထဲက အုန်းပင်နဲ့ တခြားဖယောင်းတိုင်တွေကို မယှဉ်နိုင်ခဲ့ဘူး။ အနီးအနားက ရွာတွေကိုဘဲ အားကိုးခဲ့ရတယ် နောက်တော့ လိုက်ပို့ပေးတဲ့ အဖေ့တပည့်က လုပ်ငန်းရှင်လိုဖြစ်လာခဲ့လို့ လုပ်ငန်းကို ၆ လလောက်လည်ပါတ်ပြီးတော့ ရပ်လိုက်တယ်။ ကျွန်တော်လဲ GTI တက်ဖို့ စာရောက်လာတာလဲ ပါတာပေါ့လေ။

ဆေးလိပ်

စသောက်ဖူးတာက ၁၀ တန်းနှစ်မှာပါ။ Lucky Strike ပါ၊ ကြော်ငြာကောင်းတာပါလိမ့်မယ် နောက် သောက်ရတာ ချိုချိုလေး။ စသောက်တော့ မရှိုက်တတ်ဘူး ပါးစပ်ထဲငုံပြီး ပြန်မှုတ်ထုတ်တယ်။ ရှိုက်ရတယ်ဆိုလို့ ရှိုက်ကြည့်တာ သီးသွားလို့ လည်ချောင်းနာသွားသေးတယ်။ အဆင့်တော့မြင့်တယ်ဗျ နောက်သောက်တတ်သွားတော့လဲ Lucky Strike ဘဲ။ ပိုက်ပိုက်နဲနေရင် XinXing ဆိုတာသောက်တယ်။ နောက် စသောက်ဖူးတဲ့ ဆေးပေါ့လိပ်ကတော့ ဂျိုးသိန်း။ သူငယ်ချင်းကသင်ပေးလို့ ပလတ်စတတ်စလေးခွာပြီးရင် လွတ်မပြစ်ဘဲ ဖင်စီခံကို ပြန်ပါတ်ပြီး ဟိုခေါက်ဒီခေါက်နဲ့ သောက်တာမျိုးပေါ့။ သောက်သာသောက်တာနော် အဖေကဆိုငယ်ငယ်က သူသောက်လို့ရှိရင် သားနှစ်ယောက်ကို ခေါ်ပြီး လက်မလက်သည်းခွံပေါ်ကို ဆေးလိပ်ငွေ့တွေ နှုတ်ခမ်းနဲ့ကပ်မှုတ်ပြီး ဆေးလိပ်ဂျိုးတွေပြကာ ဒီအငွေ့တွေ ရှိုက်ရင် အဆုတ်မှာ ဒီဆေးဂျိုးတွေကပ်လို့ အဆုတ်ကြီးက မာလာမယ်၊ နောက်ပြီး အသက်ရှုရတာလွယ်လွယ်ကူကူမဖြစ်တော့ဘူး၊ ရောဂါရတတ်တယ်ဆိုတာကို ပညာပေးပြီးသား။ ကိုယ့် အလှည့်ရောက်တော့လဲ စမ်းခြင်တာပါဘဲ မရဘူး။ GTI တက်ခါနီးတော့ ဆေးလိပ်ခိုးသောက်နေတာသိလို့လား သောက်တော့မှာဘဲဆိုတာကို သိလို့လားမသိဘူး ငါ့သားဆေးလိပ်ကို သောက်ရင်တော့သောက်ကွာ အများကြီး မရှိုက်နဲ့ နောက်ပြီး သိပ်တိုသွားတဲ့အထိ ဖင်စီခံထိတဲ့အထိမသောက်နဲ့လို့တော့ သတိပေးမှာကြားပြီး သောက်ခွင့်ပြုခဲ့ပါတယ်။ ဆေးလိပ်ခိုးသောက်လို့ အရိုက်မခံခဲ့ရပါဘူး မသိတာလားတော့ မသိဘူး။

ဂီတ

ပထမဦးဆုံး ကိုယ်တိုင်အားစိုက်လို့ဖြစ်ပေါ်တဲ့ ဂီတကတော့ ပုလွေပါ။ ကျောင်းက ဘင်ခရာ အဖွဲ့မှာ ပုလွေသမားတစ်နေရာပါခဲ့ပါတယ်။ ဂီတ သင်္ကေတတွေတော့ မဖတ်တတ်ခဲ့ပါဘူး။ 1,2,3,4 နံပါတ်တွေနဲ့ကိုယ်စားပြုပြီး သင်သွားခဲ့တော့ အဲဒါနဲ့ပဲ ကြည့်တတ်ခဲ့ပါတယ်။ ၈ တန်းနှစ်ရောက်တော့ ဂစ်တာ အတီးစသင်ပါတယ်။ ပထမဆုံးသင်တဲ့ လက်ကွက်က C, Am ပါ။ သီချင်းကတော့ ခင်မောင်တိုးရဲ့ နှင်းဆီပန်သူ ဆိုတဲ့ သီချင်းပါ။ လက်ကွက်နှစ်ကွက်ထဲပါလို့ပါ။ အဲဒါလေးကို အတီးရယ် အဆိုရယ်ကို အ၀င်အထွက်မှန်အောင် တော်တော် လုပ်ယူခဲ့ရပါတယ်။

အဲဒီသီချင်းဟာ ဂီတာ အတီးတတ်သွားတာတောင် ဆက်ဆိုလို့ကောင်းနေသေးတဲ့ သီချင်းပါ။ အကြောင်းတိုက်ဆိုင်လာတာက မျက်နှာချင်းဆိုင်က မူကြိုကျောင်းကို တခြားနေရာရွေ့သွားပြီး အဲဒီအိမ်ကို ရန်ကုန်က ပြောင်းတာတဲ့ မိသားစုတစ်စုကို နေရာပေးပါတယ်။ သူတို့မှာ သိမ့်သိမ့်အေးရယ် စိမ့်စိမ့်ထွေးရယ် ဆိုတဲ့ ညီအမနှစ်ယောက်ပါလာပါတယ်။ ရန်ကုန်က ပြောင်းလာတယ်ဆိုတော့ ကျွန်တော်တို့လို တောသားအတွက်တော့ တော်တော်လှနေပါပြီ။ ခုနက သီချင်းထဲမှာက "ထာဝစဉ်ရင်မှာ တသိမ့်သိမ့်စွဲနစ်တယ် ချစ်မိပြီကွယ် … တစိမ့်စိမ့်ရင်မှာ လွှမ်းခဲ့မောင့်ရင်ထဲ ဖွင့်ဟခက်ဆဲ .. " အဲလိုစာသားပါတော့ အကိုက်ဘဲ။ အိမ်ရှေ့က နှစ်ယောက်ကို သီချင်းတစ်ပုဒ်ထဲနဲ့ အပီကျူလို့ရတယ်။

ဘီယာ၊ အရက်

အဖေက အိမ်မှာနေရင်း သမဆိုင်က ဘီယာဝယ်လို့ရခဲ့ရင် နောက်ပြီး စား/ဖျော်က ဝယ်လို့ရလာခဲ့ရင် မန္တလေးဘီယာကို အိမ်က ရေတိုင်ကီထဲ နှစ်ပြီး သောက်လေ့ရှိပါတယ်။ ကျွန်တော်တို့ ညီအစ်ကိုနဲ့ အမေ့ကို အမြဲမြည်းခိုင်းပါတယ်။ ဘီယာဆိုတာ မူးယစ်စေတတ်ပေမဲ့ နိုင်ငံခြားမှာတော့ ရေသောက်သလို သောက်ကြတယ်လို့ အမြဲပြောတတ်ပါတယ်။ နောက်ပြီး သူအမြဲသောက်တာက မန္တလေး ဘရမ်ဒီပါ၊ ကြက်ဥလေးထဲ့သောက်ရင် ပိုကောင်းတယ်ဆိုဘဲ အနော်လဲနားမလည်ပါဘူး။ အဲဒါမျိုးလဲ ကျွန်တော်တို့ ညီအစ်ကို ကိုခေါ်မြည်းခိုင်းပြီး ဒါကို အရက်ခေါ်ကြောင်း သူက ဘီယာနဲ့ မတူဘဲ သောက်ရင်မူးကြောင်း များများသောက်ရင် အသိစိတ်နဲ့ လူနဲ့မကပ်တော့အောင်အထိ ဖြစ်တတ်ကြောင်း ပြောပါတယ်။ ကျွန်တော်ကတော့ အဲဒီခါးပူပူကြီးကို ဘီယာ အေးအေးလောက် မကြိုက်ပါ။ အမေကတော့ အမြဲပြောပါတယ် ကလေးတွေကို အတတ်ကောင်းတွေသင်နေတယ်လို့။ အဖေကတော့ နောက်လဲ ခိုးလုပ်မယ့်တူတူ ခုလိုမြည်းခိုင်းပြီး သတိပေးထားတော့ နောက်သောက်ချင်လဲ မမှားတော့ဘူးပေါ့ကွာလို့ အမြဲပြောပါတယ်။

ကိုယ့်ဘာသာ စပြီး မူးတာကတော့ ၉ တန်းတုန်းက သမိုင်းဆရာစားတဲ့ ဗမာဆေးနဲ့ကွမ်းကိုမှားစားမိတာမှာပါဘဲ။ ချွေးတွေပြန်တဲ့အထိကိုမူးတာပါ။ လူကလဲတုန်နေတာဘဲ သေပြီလားတောင်မှတ်တယ်။ နောက်တော့ GTI သွားတက်တော့ ကျောင်းနားမှာဖွင့်တဲ့ တပ်တွင်းစားသောက်ဆိုင်မှာ Army Run သောက်တာမှာပါ။ အဲဒါကတော့ ပထမဆုံး ကိုယ့်ဘာသာသောက်တဲ့ အရက်လို့ပြောလို့ရပါတယ်။ ကစွန်းပလိန်းလေးနဲ့ သောက်လို့တော်တော်ကောင်းတယ်ဗျ။ (ဂလု)

တရားထိုင်ဖြစ်တာ

၉ တန်းနှစ်မှာ နွေရာသီကျောင်းပိတ်ရက်မှာ အဲဒီအချိန်မှာ တာဝန်ကျနေတဲ့ စက်ရုံမှူးက ရန်ကုန်က။ သူက အင်းစိန် မဟာစည်သြဝါဒခံ ညောင်ကန်အေး ဖုန်းကြီးကျောင်းက ဆရာတော်နဲ့ ခင်တာနဲ့ စက်ရုံကဝန်ထမ်းမိသားစုထဲက စိတ်ဝင်စားတဲ့လူတွေ သင်္ကန်းစည်းလို့ရအောင် စက်ရုံကပန်းကန်တွေရောင်း ငွေရှာပြီးထောက်ပံ့ အလှူလုပ်တာနဲ့ ကျွန်တော်နဲ့ အဖေနဲ့ ညောင်ကန်အေးမှာ တစ်လ သင်္ကန်းစည်း တရားထိုင်ဖြစ်ပါတယ်။ လူကစုစုပေါင်း သုံးဆယ်လောက်ပါမယ် စက်ရုံကနေ။ ပျော်စရာကောင်းတာဘဲသိတယ်။ ဘာမှလဲ ဟုတ်တိပတ်တိ မသိလိုက်ပါဘူး။ အချိန်တန်ဆွမ်းခံထွက် ပြန်လာဆွမ်းဖုန်းပေး၊ အချိန်နဲ့ တရားထိုင် (တရားငိုက်) ဒီလိုနဲ့ တစ်လပြည့်သွားတာပါဘဲ။

ရင်ခုန်သံ

ပထမဆုံးရင်ခုန်တာတော့ ၆ တန်းလို့ထင်ပါတယ်။ ၇ တန်းမှာတက်နေတဲ့ ကိုယ့်စက်မှုရက်ကွက်ထဲက ပန်းကန်ကုန်သည်တစ်ယောက်ရဲ့ သမီးကိုပါ။ ပုံကလေးတွေ ကဗျာအတိုအစလေးတွေ ပါတဲ့ ပန်းရောင်စာရွက်တွေနဲ့ စာစရေးဖူးပါတယ်။ ကျွန်တော်တို့ စာထဲမှာ သမီးရည်းစားဖြစ်ဖူးတယ် ကျွန်တော့်အထင် လေးလလောက်ပါဘဲ ထုံးစံ အတိုင်းလူကြီးတွေသိတော့ အဖေ့ရဲ့လက်ချက် နာရင်းနှစ်ချက် အအုပ်ခံလိုက်ရပြီး အမေ့ရဲ့လက်ဝါးစာ ကျောအောင့်သွားအောင် အဆော်ခံလိုက်ရပါတယ်။ ရုပ်ရှင်ထဲကလို ကြိုးစားပြီးတော့ ဆွေးကြည့်သေးတယ်။

ဘဝရည်မှန်းချက် 

ဖြစ်ချင်တာတွေ တော်တော်များတယ်ဗျ။ အတတ်ပညာဘက်မှာ ပထမဆုံးဖြစ်ချင်ခဲ့တာက အင်ဂျင်နီယာ၊ နောက် အဲဒီကာလက ကိုယ်စိတ်ဝင်စားနေတဲ့လူတွေက စာရေးဆရာဆို မောင်စိန်ဝင်း(ပုတီးကုန်း)၊ အဆိုတော်ဆိုရင် တူးတူး လူရွှင်တော်ဆိုရင် ဇာဂနာ၊တက်တူ၊အရိုင်း(အမှတ်မှားနေတာ ပြင်ပေးလို့ဖျက်ထားပါတယ်) အားလုံးကလဲ အင်ဂျင်နီယာတွေဆိုတော့ ကိုယ်လဲ အင်ဂျင်နီယာဘဲဖြစ်ချင်ခဲ့တယ်။ ၁၀ တန်းအောင်တော့ အမှတ်သိပ်မကောင်းတော့ လွယ်လွယ်အလျှော့မပေးဘဲ အငယ်တန်း အင်ဂျင်နီယာဖြစ်လို့ရသေးတာဘဲဆိုပြီး (GTI) ဝင်ခွင့်ဖြေလိုက်တယ်။ ဂီတဘက်မှာကလဲ တော်တော် စိတ်ပါနေတော့ ဖြစ်ချင်သေးတာက Lead Guitarist.

ကွန်ပျူတာဆိုတာ

ပထမဆုံး ကွန်ပျူတာမြင်ဘူးတာက ၁၉၉၅ ခုလောက်က ပြည် GTI မှာ ကိုလံဘိုစီမံကိန်းဆိုပြီး Windows 3.1 သုံးထားတဲ့ စက်တစ်လုံးကို EC ဌာနက ကျောင်းသားတွေမြင်ဘူးအောင် ၅ ယောက်တစ်လှည့်စီနဲ့ အလှည့်ကျ ခေါ်ပြတာပါ။ ဆရာမက DIR ဆိုတာလေးနဲ့ CLS ဆိုတာလေးကို သုံးပြသွားပါတယ်။ နောက် WIN လို့ ရိုက်လိုက်တာနဲ့ Windows တက်လာတာလေးပြပါတယ်။ နောက်ပြီးတော့ အရမ်းမထိနဲ့လို့ ပြောတာလေးလဲ မှတ်မိလိုက်ပါတယ်။ နောက်တော့ ကွန်ပျူတာအသုံးပြုနည်းသင်တန်းဆိုပြီး တစ်ယောက် ၅၀၀ ကျပ်တောင်းကာ သင်တန်းဖွင့်တော့ တစ်လကို စတိုင်ပင် ၃၀၀ ပေးတဲ့ခေါတ်ကတောင် ဝန်ထမ်းသား ဖြစ်တာတောင် စတိုင်ပင်မရတဲ့ ကျွန်တော်ဟာ အဲဒီကွန်ပျူတာ ကိုင်နည်းသင်တန်းကို မတက်ခဲ့နိုင်ပါဘူး။ အငယ်တန်း အင်ဂျင်နီယာ ဖြစ်ချင်ခဲ့တဲ့ ကျွန်တော်ဟာ ကွန်ပျူတာကို တော်တော် အငြိုးအတေးကြီးသွားခဲ့တယ်။ နေနှင့်ဦးပေါ့ကွာလို့။ အဲဒါဟာ ခုလို အိုင်တီသမားဖြစ်လာစေခဲ့မယ်လို့ မထင်ခဲ့သေးဘူး။

Programming Language

ပထမဆုံး စလေ့လာရတဲ့ ပရိုဂရမ်းမင်း ဘာသာစကားကတော့ QBasic ဆိုတာပါ။ စတင်လေ့လာခဲ့တဲ့ကျောင်းကတော့ MCC မှာပါ။ ဝန်ကြီးများရုံးရှေ့မှာ ဖွင့်တဲ့ကျောင်းမှာပါ။ ပထမဆုံးစတွေ့တဲ့ ဆရာက ဆရာဦးငြိမ်းဦးနဲ့ ဆရာမင်းမင်းဆိုတာပါ လက်တွေ့ချိန်မှာသင်တဲ့ ဆရာမကတော့ ဆရာမ မယုပါ။ GTI တုန်းက စိတ်နာနေခဲ့တဲ့ ကွန်ပျူတာကို တဝကြီးကိုင်ခဲ့ရသလို programming ကိုစတင် စိတ်ဝင်စားသွားခဲ့တာပါဘဲ။

အလုပ်

အလုပ်စဝင်တော့ MCC မှာပါဘဲ။ ၉၇ မှာပါ။ စစခြင်း မြို့တော်စည်ပင်က သုံးတဲ့ အခွန်အခပြေစာထုပ်တဲ့ စနစ်ကို implementation လုပ်နေတဲ့အချိန်မှာပေါ့။ မြို့တော်စည်ပင်ရုံးထဲမှာ မတင်မမမျိုးဆိုတဲ့ အမကြီးနဲ့ အလုပ်အတူတူလုပ်ရပါတယ်။ သူက အဖွဲ့ခေါင်းဆောင်ပေါ့။ Foxpro နဲ့လုပ်ထားတဲ့ စနစ်ပါ။ ခုလဲ ဆက်သုံးနေတုန်းပါဘဲ စည်ပင်ဝန်ထမ်းတွေ အိမ်လိုက်လိုက်ဝေနေတဲ့ အခွန်ပြေစာပေါ့ဗျာ။ မှတ်မှတ်ရရ GTI တူတူဆင်းတဲ့ သူငယ်ချင်းတွေ စီဒိုးနား ဟော်တယ် ဆောက်လုပ်ရေး ပရောဂျက်မှာလုပ်တာ တစ်လ ၈၀၀၀ ရနေတဲ့ အချိန်မှာ ကျွန်တော်က ကွန်ပျူတာပရိုဂရမ်မာ လုပ်တာ တစ်လ ၃၀၀၀ ဘဲရပါတယ်။ အမေ့ကို အကုန်ပြန်အပ်ပြီး မုန့်ဖိုးပြန်ယူရတာပေါ့။ ပျော်ဖို့ကောင်းပါတယ်။ အဲဒီမှာလုပ်မှ စည်ပင်က စက်တွေမှာ Windows 95 သုံးလို့ စကိုင်ဘူးပါတယ်။ ကျောင်းတက်တုန်းက Windows 3.11 အထိဘဲ အမြင့်ဆုံးကိုင်ခဲ့ဘူးတာပါ။

နိုင်ငံခြား

MCC မှာတစ်နှစ်လောက်လုပ်ပြီးတော့ သူငယ်ချင်းတွေ အဆွယ်ကောင်းလို့ စင်ကာပူမှာ အလုပ်လုပ်ဖို့ အလုပ်လျှောက်ရာကနေ Keppel Shipyard မှာ Electrical Technician ဆိုပြီး မော်တာကွိုင်ပတ်၊ ကွန်ထရိုးပင်နယ်တွေဆင်တဲ့ အလုပ်လုပ်ရန် ရောက်ခဲ့ပါတယ်။ GTI ပညာနဲ့ တစ်လှည့်လုပ်စားခြင်းပေါ့။ နောက်တော့ သွေးထဲမှာက ပရိုဂရမ်တွေဘဲ ရေးချင်နေတယ်ဆိုတာ သေချာသွားလို့ ရန်ကုန်ပြန်လာကာ ကျောင်းပြန်တက် အလုပ်ပြန်ဝင်တော့လဲ MCC မှာဘဲ၊ စည်ပင်ပရောဂျက်မှာ အတူလုပ်ခဲ့တဲ့ မမျိုးက မန်နေဂျာဖြစ်နေတော့ သူ့ကောင်းမှုနဲ့ဘဲ အင်တာဗျူးဖြေပြီး အလုပ်ပြန်ဝင်ခဲ့ပါတယ်။ System Analyst ဆိုပြီး ခေါင်းစဉ်တပ်လိုက်တာ လူတောင် မြောက်ကြွကြွဖြစ်သွားတယ်။

ဘလော့

ဘလော့စဖတ်ဖြစ်တာ ချမ်းမြစိုးဘလော့ပါ။ နောက်တော့ စေတန်ဂေါ့။ ကျွန်တော်ဘလော့စလုပ်တော့ စာရေးချင်တာထက် သူများလုပ်တာကို လိုက်ပြီးစမ်းလုပ်ကြည့်ချင်လို့ လုပ်ခဲ့တာပါ။ သေသေချာချာရေးခဲ့တာကတော့ ဒီနှစ်ထဲမှပါ။

မရေးဘူးဆိုပြီးရေးလိုက်တာတော်တော်များသွားပြီ။ နားတော့မယ် ညမီးအိမ်ရေ အသင်ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ကွယ်။

ကိုပီဇီကြီး ခုတလော ဘာမှလဲ မရေးဘူး။ ဒီတော့ ဒီလိုလေး ရေးပေးပါလားဗျာနော့

4,185 views