စိတ်မကောင်းခြင်း

MBS မှာ ဖြစ်ပျက်ခဲ့တာလေး သေချာ ရေးဦးမယ် ဟိုမှာဆိုရင် ရေးရတာ သူများ မထိခိုက်အောင်ရေးရတာမို့ အသက်ရှုလို့မ၀ဘူး ..ဒီတော့ ကိုယ့်နေရာမှာ ကိုယ် လွတ်လွတ် လပ်လပ် ရေးဦးမယ်။

MZ ကမော်မော် ကိုမာ့ခ် က ဖိတ်စာပို့လာလို့ Myanmar Blogger Society မှာ သွားကြည့်ပြီး မင်ဘာဝင်လိုက်သေးတယ်။ ကျွန်တော်ဝင်တော့ မင်ဘာနံပါတ် ၄၃ တဲ့။ အမယ် ၅၀ အတွင်းဝင်သေးတယ်ဆိုပြီး ၀မ်းတွေတောင် သာလို့။

အင်းနောက်ကျတော့ သိပ်မကြာပါဘူး သူတို့က ကြော်ငြာလာတယ်၊ ဘလော့ဂါမဟုတ်သူများကို ကိုင်တွယ်ဖြေရှင်းရန်တဲ့။ တော်တော်တော့ လွဲသွားပြီဆိုတာ ခံစားလိုက်ရတယ်။ အဲဒီမှာ တော်တော် ငြင်းခုန်လိုက်ရတယ်။ ကျွန်တော်တို့ ဘက်က နှစ်ယောက်ဘဲ ဒိုင်ခံ ပြောရတယ်။ သူတို့က တော်နေတစ်ယောက် တော်နေတစ်ယောက် လာလာပြောကြတယ်။ ပထမပိုင်း ၀င်ပြောကြတဲ့ သူတစ်ချို့က ကျွန်တော်တို့ ရပ်တည်ချက်ကို နားလည်သွားတာလား၊ စကားနဲ ရန်စဲဆိုပြီး ရပ်သွားတာလားတော့ မသိဘူး ရပ်သွားကြတယ်။ အကြောင်း အမျိုးမျိုးပြလို့ သူတို့ လိုချင်တဲ့ ပုံစံကို ရအောင်သွားတာပါဘဲ၊ မပြောတော့ပါဘူး ဆိုပြီး ငြိမ်သွားကာမှ နှစ်ယောက်က ထဖောက်တယ်။ စောစောပိုင်းက ငြင်းခုန်ထားတာလေးတွေပြန်ဖတ်ပြီး မကြေနပ်လို့ ရန်တွေ့သလိုလာပြောကြပြန်တယ်။

ကျွန်တော် ဟာ တော်တော်တန်တန် စကားနဲတဲ့လူပါ။ ပျော်ပျော်ပါးပါးဘဲနေတတ်တယ်။ တစ်နေ့ တစ်နေ့ ခေါင်းရှုတ်ရတဲ့ software development life cycle ကြီးထဲမှာနေရတော့ ကျန်တဲ့ အချိန်လေးမှာ စိတ်လက်ပေါ့ပါးစွာနေခြင်တယ်။ ခုတော့ မရတော့ဘူး .. ကျွန်တော် တော်တော် ပြန်ပြောဖြစ်တယ်။ လာဖတ်ကြတဲ့ သူငယ်ချင်းတွေက ပြောကြတယ်။ ခင်ဗျားက ဒီလိုတော့လဲ တော်တော်စွာပါလားတဲ့ .. အဟီး။ ကျွန်တော် ရန်ဖြစ်ရတာကလဲ မိန်းခလေးတစ်ယောက်နဲ့ မမိုက်ပါဘူး။ သူပြောတာတွေ ၀န်ချတောင်းပန်မသွားတဲ့ အပြင် သူ့ Gmail account ပေးပြီး Gtalk မှာ ဆက်ဆွေးနွေးဦးမယ် လုပ်သွားသေးတယ်။ ခက်တယ် ကလေးတွေဟာ ..

နောက်တော့ အဲဒီ ဒိတ်ဒိတ်ကြဲ ငြင်းခုန်ပွဲကြီးဟာဖြင့် ဘလော့ဂါ အသိုင်းအ၀ိုင်းမှာ တော်တော်လေးနာမည်ကြီးသွားတာပေါ့ဗျာ။ လူတွေလဲ အလာများပြီး အံမယ် သူ့ဆိုဒ်ကိုတောင် ပရိုမိုးရှင်းလုပ်ပေးသလိုတောင် ဖြစ်သေး။ လူတွေ လာလာ ကြည့်ကြတာ ပြောပါတယ်။ သူတို့ ရင်ဘတ်ထဲကို မြင်လိုက်ရတယ်ဗျ။ နာမည်ကြီးတွေ ၀င်မပြောကြဘူး အဲ တစ်ချို့တော့ ထိမ်းထိမ်းသိမ်းသိမ်း ၀င်ပြောကြပါတယ်။ နောက်ပိုင်း သူတို့စေတနာ အကျိုးပေးတာဘဲဗျ..။ နှောက်ယှက်မည့် သူတွေဝင်လာတယ်။ ပေါက်ကရတွေ ၀င်ရေးကြတယ် … ကျွန်တော်တောင် စိတ်ဆိုးခဲ့ပေမည့် အဲလို ပေါက်ကရဖြစ်သွားမှာတော့ မကြိုက်ပါဘူး ဆိုဒ်တစ်ခု ထောင်ရတာ မလွယ်ပါဘူး။ စေတနာ ကောင်းဖို့လိုပါတယ်။

နောက်ပိုင်း တော်တော်လေး အရှိန်ရလာတော့ ကျွန်တော် သဘောပေါက်လိုက်တယ် ကျွန်တော်နဲ့ မကိုက်ဘူးဆိုတာကို ။ ဘလော့ဂါ နာမည်ကြီးတွေ အချိန်ပေးပြီး အဲဒီမှာ မနေနိုင်ဘူး၊ ပေါက်စတွေဘဲ အချိန်ပြည့် ဖြစ်နေပြီး အချစ်အကြောင်းတွေ စိတ်ကူးယဉ်တွေများနေတယ်။ နောက် ဘာစိတ်ကုးရပြီးထုတ်ထုတ်နေမှန်း မသိတဲ့ ကြော်ငြာချက်တွေကလဲ ထွက်ထွက်လာတယ်။

ကျွန်တော်ဆုံးဖြတ်လိုက်တယ် .. ကျွန်တော်ထွက်လိုက်တော့မယ်လို့ … အဲဒီမှာ မ၀င်လဲဘလော့ဂ်ကတော့ ရေးလို့ရနေတာဘဲလေ နော့ … ဘာလို့ လွတ်လပ်နေရာကနေ အနှောင် အဖွဲ့ခံမလဲ …။

ဒါပေမယ့် ဆုတောင်းပေးပါတယ် အောင်မြင်ပါစေလို့။

p.s: ကျွန်တော်တို့ မော်မော်က အဲဒီမှာ သူက နည်းပညာပိုင်း ကူညီပံ့ပိုးပေးရတဲ့ နေရာကနေ အကူအညီ အများကြီးပေးနေပါတယ်။ ကျွန်တော်တို့ ငြင်းကြခုန်ကြတော့ သူ့ရဲ့ Gtalk custom message မှာ မြန်မာတွေ စကား အလွန်များကြောင်း မညီညွတ်ကြောင်း အဲဒါကြောင့် ဗမာတွေ မတိုးတက်တာ ဖြစ်ကြောင်း ရေးထားတာလေး တွေ့တော့ ဘယ်သူတွေကို ရည်ရွယ်မှန်း မသိနိုင်ပေမယ့် ခုဖြစ်ပျက်နေတာနဲ့ ပါတ်သက်မှန်း သိနေတော့ အဲဒါကိုလည်း စိတ်မကောင်းဖြစ်ပါတယ်။

Tags :
12,913 views